News

POST TYPE

ENVIRONMENT

မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် ရှမ်းပြည်နယ်နှင့်ဒေသအချို့ မိုးကြီးနိုင်
14-Aug-2018 tagged as မိုးလေဝသ

ရန်ကုန်၊ ဩဂုတ် ၁၄

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်း Bebinca ၏ အကြွင်းအကျန် တိမ်တိုက်များသည် ရှမ်းပြည်နယ်နှင့် ဒေသအချို့ကို ဖြတ်သန်းနိုင်ရာ လာမည့်ဩဂုတ်လ ၁၈ ရက်နေ့ဝန်းကျင်၌ နေရာကွက်၍ မိုးသည်းထန်ခြင်းနှင့် မိုးကြီးခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယင်းမုန်တိုင်းသည် ဗီယက်နမ်မြောက်ပိုင်းကို မုန်တိုင်းငယ်အဖြစ်နှင့် ဖြတ်ကျော်မည်ဖြစ်ပြီး အရှေ့ဘက်မှ မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များ၊ လေပွေလှိုင်းများလာပါက ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးတတ်လေ့ရှိကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“စောင့်ကြည့်ဒေသထဲ ရောက်လာရင် ထူးခြားမိုးလေဝသအခြေအနေ ထုတ်ပြန်ပေးသွားမှာပါ။ ဒီနှစ်ထဲ တောင်တရုတ်ပင်လယ်ပြင်ဘက်မှာ ထူးခြားတဲ့မုန်တိုင်း လမ်းကြောင်းနှစ်ခုတွေ့ရတယ်။ အခုမုန်တိုင်းငယ်လည်း ထူးခြားတဲ့လမ်းကြောင်းနဲ့ ရွေ့နေတာတွေ့ရတယ်”ဟု ၎င်းက ပြောဆိုသည်။

ကနဦးခန့်မှန်းချက်များအရ မုန်တိုင်းလမ်းကြောင်းသည် ရှမ်းပြည်နယ်အနီး၌ အားလျော့ပျက်ပြယ်သွားနိုင်သော်လည်း မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များ ရွေ့လျား ဝင်ရောက်လာနိုင်ခြင်းကြောင့် ရှမ်းပြည်နယ်နှင့် အလယ်ပိုင်းဒေသများတွင် မိုးရရှိနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ဖွယ်ရှိကြောင်း Joint Typhoon Warning Center ၏ ခန့်မှန်းချက်ကိုကိုးကား၍ မိုးလေဝသ အခြေအနေ စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ယင်းသို့ဒေသအလိုက် နေရာကွက် ၍ မိုးကြီးနိုင်သည့်အပြင် သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်တို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်သည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ရာ ကြိုတင် သတိပြုရန်လိုအပ်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

E-03