News

POST TYPE

ENVIRONMENT

ရခိုင်ပြည်နယ်တွင် Cyclone Shelter ၅၄ လုံး ဆောက်လုပ်
နေပြည်တော်၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကြိုတင်အသုံးပြုရန် Cyclone Shelter ၅၄ လုံးကို ဆောက်လုပ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဇူလိုင် ၃၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

Cyclone Shelter ၅၄ လုံးတွင် ၂၂ လုံးမှာ ပြီးစီးနေပြီး ကျန် ၂၈ လုံးကိုလည်း ဆက်လက် ဆောက်လုပ်နေကြောင်း ၎င်းကဆိုသည်။ 

ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်းက “ရခိုင်ပြည်နယ်မြို့နယ်များရှိ ကျေးရွာအုပ်စုကြီးများတွင် ဒေသကိုယ်စားပြု ဘက်စုံသုံး အဆောက်အအုံ (Community) များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ”မေးမြန်းချက်ကို ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆောက်လုပ်ဆဲ အဆောက်အအုံများတွင် ရခိုင်ပြည်နယ်အစိုးရက ၄ လုံးကို တာဝန်ယူ ဆောက်လုပ်ပြီး ကျန် Shelters များကို အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ တင်ဒါစနစ်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဦးစိုးအောင်က ရှင်းပြသည်။ 

ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း Cyclone Shelter များ ဆောက်လုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီး ၇၀ လုံး၊ ဆောက်လုပ်ဆဲ ငါးလုံး၊ ဆောက်လုပ်ရန်ကျန် ၅၇ လုံး၊ ရှမ်းပြည်နယ်တွင် Cyclone Shelter တစ်လုံး တည်ဆောက်မည်ဖြစ်ပြီး ချင်းပြည်နယ်တွင် ဆောက်လုပ်ဆဲတစ်လုံး၊ ဆောက်လုပ်ရန် ကျန်သုံးလုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီး ကိုးလုံး၊ ကရင်ပြည်နယ်တွင် ဆောက်လုပ်ပြီး တစ်လုံး၊ ဆောက်လုပ်ဆဲ တစ်လုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ဆောက်လုပ်ဆဲ ငါးလုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီး တစ်လုံး၊ ဆောက်လုပ်ဆဲ နှစ်လုံးရှိပြီး အားလုံးပြီးစီးပါက စုစုပေါင်း Cyclone Shelter အလုံး ၂၁၀ ရှိလာမည်ဖြစ်သည်။

S-01