News

POST TYPE

ENVIRONMENT

ရေကြီးမှုကြောင့် တစ်ပတ်အတွင်း ၁၀ ဦးသေဆုံး၊ လူတစ်သိန်းခန့် ရေဘေးသင့်
29-Jul-2018

မန္တလေး၊ ဇူလိုင် ၂၉

ပြီးခဲ့သည့် တစ်ပတ်အတွင်း မြန်မာနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး လူတစ်သိန်းခန့် ရေဘေးဒုက္ခသည်အဖြစ် ခိုလှုံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက The Voice Daily သတင်းစာသို့ အတည်ပြု ပြောကြားသည်။

ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့သည် ရေကြီးရေလျှံမှုများကြောင့် လွန်ခဲ့သော နှစ်ရက်ခန့်မှစ၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး အကူအညီပေးရေး လုပ်ကိုင်သူအချို့လည်း သေဆုံးမှုများရှိခဲ့သည်။

မွန်ပြည်နယ် ဘီးလင်းရေကြီးမှုတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူ တပ်မတော်သားသုံးဦး ရေထဲမျောပါ ပျောက်ဆုံးလျက်ရှိကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

“လတ်တလောမှာဆိုရင် ကရင်ပြည်နယ်မှာ အိမ်ထောင်စု ၄၁၀၀ က လူ ၁၉,၀၀၀ ကျော်၊ မွန်ပြည်နယ်မှာ အိမ်ထောင်စု ၃၅၀၀ ကျော်က လူ ၁၅,၀၀၀ ကျော်၊ ပဲခူးက အိမ်ထောင်စု ၁၁,၅၀၀ ကျော်က လူ ၅၄,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။

လက်ရှိတွင် ကရင်ပြည်နယ်၌ မြဝတီ၊ ဘားအံ၊ ကော့ကရိတ်နှင့် လှိုင်းဘွဲ့မြို့တို့တွင် ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၆၀ ဖွင့်ထားပြီး တနင်္သာရီတိုင်း တနင်္သာရီမြို့၌လည်း ကယ်ဆယ်ရေးစခန်း ရှိနေဆဲဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် သထုံနှင့် ဘီးလင်းမြို့နယ်တို့၌ ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃ ခုဖွင့်ထားပြီး ပဲခူးတိုင်းတွင် ရွှေတောင်၊ ကျောက်ကြီး၊ ရွှေကျင်၊ ပဲခူးနှင့် မဒေါက်မြို့တို့တွင် ကယ်ဆယ်ရေးစခန်း ၅၃ ခုဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါစာရင်းများသည် ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီအထိ ရရှိထားသော စာရင်းများဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၉ ရက် နေ့အထိ စာရင်းများအရဆိုပါက ကရင်ပြည်နယ်၊ တနင်္သာရီ၊ မွန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ နေပြည်တော် ကောင်စီနယ်မြေစသည့် တိုင်းနှင့်ပြည်နယ် ရှစ်ခုတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး အိမ်ထောင်စု ၂၀,၈၀၀ ကျော်မှ လူဦးရေ ၉၆,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း၊ ရေဘေးကြောင့် တနင်္သာရီတိုင်းနှင့် နေပြည်တော်တွင် တစ်ဦးစီ၊ မကွေးတိုင်းတွင် နှစ်ဦး၊ မွန်ပြည်နယ်နှင့်ပဲခူးတွင် သုံးဦးစီ သေဆုံးခဲ့ကြောင်း ၎င်းကပြောဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ဇူလိုင်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အသင့်အတင့်ရှိနေသောကြောင့် နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံဒေသအနှံ့ မိုးထစ်ချုန်းရွာခြင်းနှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုအများဆုံး နိုင်ငံများစာရင်းတွင် ဒုတိယနေရာသို့ ရောက်ရှိနေပြီး မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် မုန်တိုင်း ဝင်ရောက်ခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုအများဆုံး ၁၈၄ နိုင်ငံစာရင်းတွင်လည်း မြန်မာနိုင်ငံက အဆင့် ၁၃၁ သို့ ရောက်ရှိနေကြောင်း အမေရိက အခြေစိုက် အဖွဲ့အစည်းများက လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။ 

M-05