News

POST TYPE

ENVIRONMENT

ပဲခူးအပါအဝင် ဒေသအချို့ နေရာကွက်၍ မိုးကြီးမည်
29-Jul-2018 tagged as မိုးလေဝသ

ရန်ကုန်၊ ဇူလိုင် ၂၉

မုတ်သုံလေ အားကောင်းနေသည့်အတွက် ပဲခူးတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးထစ်ချုန်းရွာနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။

အဆိုပါဒေသများတွင် ဇူလိုင်လ ၃၀ ရက်နေ့၌ ရာနှုန်းပြည့်မိုးရွာနိုင်ပြီး နောက်နှစ်ရက်အတွင်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် မိုးဆက်လက်ပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“လာမယ့်နှစ်ရက်၊ သုံးရက်အတွင်း ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေ့စဉ် မိုးရေချိန် နှစ်လက်မနဲ့အထက် ရွာဖို့ရာခိုင်နှုန်း များပါတယ်”ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

လက်ရှိ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသည့် စစ်တောင်းမြစ်၊ ရွှေကျင်မြစ်နှင့် ပဲခူးမြစ်တို့တွင် ဇူလိုင်လ ၃၀ ရက်နေ့အတွင်း ပေဝက်ခန့် မြစ်ရေကျဆင်းကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပြီး သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ပေဝက်ခန့် ဆက်လက်မြင့်တက်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ထို့ပြင် ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သဖြင့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီး နေထိုင်သူများအနေနှင့် သတိပြုနေထိုင်ရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

မြန်မာနိုင်ငံတစ်ဝန်း ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းနေပြီး စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ဘီးလင်းမြစ်၊ ပဲခူးမြစ်နှင့် ရွှေကျင်မြစ်တို့တွင် စိုးရိမ်ရေမှတ်အထက်သို့ မြစ်ရေကျော်လွန်နေသည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် စသည့်ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လူဦးရေ ခြောက်သောင်းနီးပါး ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည်။

E-03