News

POST TYPE

ENVIRONMENT

သစ်တောထိန်းဖို့ ထင်းကိုမဲခွဲယူတဲ့ရွာ
28-Jul-2018

ကိုယ့်အိမ်ကလူခုတ်တဲ့ထင်းကို အတင်းအဓမ္မ တောင်းယူတာမျိုးမဟုတ်ဘဲ အခြားသူကို ကျေကျေနပ်နပ်ဖြင့် ကိုယ့်ထင်းပုံကို ပေးလိုက်ရတယ်ဆိုတာဟာ ထင်းအသုံးပြုတဲ့ဒေသတွေမှာ နေထိုင်ခဲ့ဖူးသူတိုင်းအတွက် ထူးဆန်းနေပါလိမ့်မည်။

လွယ်ခေါ်ဆိုတဲ့ ရွာကလေးမှာတော့ ထင်းခုတ်ရာသီမှာ တစ်အိမ်တစ်ယောက် ထင်းထွက်ခုတ်ကြပြီးတော့ အဲ့ဒီထင်းကို မဲစနစ်ဖြင့် ခွဲဝေယူကြရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသဖြစ်သည့် ညောင်ရွှေမြို့နယ်အတွင်းမှာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေငါးထောင်ကျော်က တောင်ရိုး၊ ပအိုဝ်းနှင့် အင်းတိုင်းရင်းသားတို့နေထိုင်သည့် လူဦးရေငါးရာကျော်ကျော်၊ အိမ်ခြေ ၈၀ ခန့်သာရှိသည့် ရွာကလေးဖြစ်သည်။

“သစ်တောကို ထိန်းသိမ်းရမယ်။ ဒါကြောင့် ထင်းကို စနစ်တကျခုတ်ကြဖို့လုပ်ရင်း ဒီလိုလုပ်တဲ့နည်းလမ်းလေးပေါ်လာတာ” ဟု အိမ်ခေါင်မိုးကိုကျော်ကာ တောင်တန်းတွေကိုကြည့်ရင်း ပြောလာသူက အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် တောင်ရိုးတိုင်းရင်းသားကြီး ဦးထွန်းကြည်ဖြစ်သည်။

ညောင်ရွှေမြို့နယ်အတွင်းက တောင်တန်းများပေါ်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်က သစ်တောများပြုန်းတီးပြီး တောင်ကတုံးဖြစ်သွားချိန်မှာ ဒေသခံများအနေနှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံကြရကာ သစ်တောများကို ပြန်လည်ထိန်းသိမ်းပျိုးထောင်နိုင်ရန်အတွက် စဉ်းစားကာပြင်ဆင်ခဲ့လာကြရသည်။

ထိုသို့ ပြင်ဆင်လာခဲ့ရာမှာ လွယ်ခေါ်ကျောင်းနားရွာကလေးလည်း ပါဝင်လာခဲ့ပြီး ရွာအတွက်လိုအပ်တဲ့ထင်းကို ချွေတာပြီး စနစ်တကျခုတ်ယူသုံးစွဲကြဖို့ဖြစ်လာကြခြင်းဖြစ်ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

လွယ်ခေါ်ကျေးရွာ၏ ဘိုးစဉ်ဘောင်ဆက် အသက်မွေးဝမ်းကျောင်းအတတ်ပညာက ဆေးလိပ်ဖက်ဖြစ်သည့် သနပ်ဖက်များကို စိုက်ပျိုးထုတ်လုပ်ကြသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

သနပ်ဖက်စိုက်ပျိုးဖို့ရာ မြေဧကများစွာ မလိုအပ်ပါ။ ထို့ပြင် နှစ်စဉ်စိုက်ပျိုးရာသီတိုင်း ထွန်ယက်စိုက်ပျိုးရသည့် ကရိကထလည်းမရှိ၊ တောင်ယာကို ချဲ့ထွင်ဖို့လည်းမလိုပေ၊ သို့သော် ခူးလို့ရသည့်အရွက်ကို မီးကင်ဖို့ရာမှာတော့ ထင်းအလွန်သုံးရသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်နေသည်။

ထင်းရရှိရေးအတွက် အနီးအနားတောင်ပေါ်က သစ်တောအတွင်း ဝင်ရောက်ကာထင်းခုတ်ကြရသည်က လွယ်ခေါ်ကျေးရွာသားတို့အတွက် ဘိုးဘေးတို့လက်ထက်မှသည် ယနေ့အချိန်အထိဖြစ်သည်။

ဘိုးဘေးတို့လက်ထက်က ထင်းရရှိရေးအတွက်သာ အားထုတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်တော့ သစ်တောများ ပြုန်းတီးနည်းပါးလာချိန်တွင် သစ်တောကိုထိန်းသိမ်းကြရန် လိုအပ်လာခဲ့သည်။

ထိုသို့သောအခြေအနေမျိုးမှာ ကျေးရွာထင်း ခွဲဝေသုံးစွဲဖို့ရာအတွက် တစ်နှစ်လျှင်တစ်ကြိမ် ကျေးရွာလူကြီးက ထင်းလိုချင်သည့် အိမ်များမှ တစ်အိမ်လျှင် တစ်ယောက်ခေါ်ယူကာ မည်သည့်နေရာက မည်မျှအကျယ်အဝန်းမှာ ထင်းခုတ်နိုင်ကြောင်းနှင့် ယင်း ထင်းခုတ်ခွင့်ပြုသည့်နေရာကို နံပါတ်များပေးကာ မှတ်သားပြီး ခုတ်စေခြင်းဖြစ်သည်။

ယင်းသို့ခုတ်ပြီးချိန်မှာ ထင်းခုတ်တဲ့နေရာမှာပဲ ခြောက်ပေပတ်လည် ထင်းပုံကိုပုံခဲ့ပြီး အဲဒီထင်းပုံ နံပါတ်ကို ရွာလူကြီးဆီမှာ အပ်နှံရခြင်းဖြစ်သည်။

၎င်းထင်းပုံနံပါတ်များကို ရောနှောကာ ရွာလူကြီးက တစ်အိမ်ဆီကို ပြန်လည်မဲနှိုက်စေခြင်းဖြစ်ကြောင်း လွယ်ခေါ်ကျေးရွာသားလည်းဖြစ်၊ သနပ်ဖက်လုပ်ငန်းလည်းလုပ်ကိုင်သူ ဦးစောထီးက ပြောကြားသည်။

“တစ်ခါတလေတော့လည်း ငါခုတ်ပေးခဲ့တဲ့ ထင်းပုံက ကောင်းပြီး၊ ငါရတဲ့ထင်းပုံကကျတော့ မကောင်းဘူးဆိုတာမျိုးရှိပါတယ်” ဟု အသံဝဲဝဲနှင့် ရှင်းပြနေသေးသည်။

သနပ်ဖက်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်သူတွေအတွက် ရွာကပေးသည့်ထင်းဝေစုသည် လောက်ငခြင်းမရှိပေ။ ယင်းသို့ မလောက်ငသည့်သူများသည် မိမိတို့ရာခင်းချုပ်စပ်များတွင် စိုက်ပျိုးထားကြသည့် ကိုယ်ပိုင်ထင်းစိုက်ခင်းများမှ ခုတ်ယူကြရပြီး၊ ကိုယ်ပိုင်ထင်းစိုက်ခင်းမှထင်းနှင့် မလောက်ငသူများကတော့ ပိုလျှံသူများထံမှ ဝယ်ယူကြရကြောင်း ဒေသခံများက ရှင်းပြသည်။

သစ်တောကို ပြန်လည်ထိန်းသိမ်းကြရာတွင် အစုအဖွဲ့ပိုင်သစ်တောများထူထောင်ကာ ထိန်းသိမ်းမှုများက ညောင်ရွှေမြို့နယ်အတွင်းမှ ကျေးရွာအများစုက လုပ်ဆောင်ကြသည့် လုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။

အစုအဖွဲ့ပိုင်သစ်တောဆိုသည်မှာ ဒေသခံရွာသူရွာသားများက သစ်တောကို ထိန်းသိမ်းရန်အတွက် အစုအဖွဲ့တစ်ခုစုဖွဲ့ကာ ဧကမည်မျှကို ထိန်းသိမ်းပါမည်ဟု သစ်တောဦးစီးဌာနထံတင်ပြကာ ထိန်းသိမ်းခွင့်လျှောက်ထားပြီး ထိန်းသိမ်းရခြင်းဖြစ်သည်။

သစ်တောဦးစီးဌာနက ခွင့်ပြုချက်တောင်းလာသည့် ဒေသခံအဖွဲ့၏ အခြေအနေတို့ကိုစစ်ဆေးသုံးသပ်ကာ ဧကမည်မျှခွင့်ပြုသင့်သည်ကို ဆုံးဖြတ်ကာ ခွင့်ပြုပေးပြီး သစ်တောထိန်းသိမ်းခြင်းနည်းပညာများနှင့် ပျိုးပင်များကိုကူညီပေးကာ ဒေသခံများ သစ်တောကို ထိန်းသိမ်းလိုစိတ်ဖြစ်ပေါ်ရေးအတွက် ဟောပြောစည်းရုံးမှုများကို လုပ်ဆောင်ကြရသည်။

လွယ်ခေါ်ကျေးရွာအုပ်စုတွင် ကျေးရွာငါးရွာ ပေါင်းစည်းထားသည့် အဖွဲ့တစ်ခုဖြင့် အစုအဖွဲ့ပိုင် သစ်တောတစ်ခုကို ထူထောင်ထားပြီး ဧက ၄၆၀ ကျယ်ဝန်းသည့် သစ်တောကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။

ညောင်ရွှေမြို့နယ်အတွင်းက ကျေးရွာများမှာ ထင်းအသုံးပြုသည်က ရွာတိုင်းလိုပင်ဖြစ်ပြီး လွယ်ခေါ်ကျောင်းနားကျေးရွာက သနပ်ဖက်လုပ်ငန်းကဲ့သို့ပင် ဒေသထွက်အကြော်အလှော်လုပ်ငန်းများအတွက် ထင်းလိုအပ်ချက်က မြင့်မားနေခဲ့သည်။

အင်းလေးကန်၏ အနောက်ဘက်တောင်ခြေမှာရှိသည့် လွယ်ငြိမ့်ကျေးရွာသည်လည်း ဒေသထွက်ဖြစ်သည့် မုန့်တီခြောက်၊ ကြွေမုန့်၊ မြေပဲလှော်၊ နေကြာစေ့လှော် စသည်တို့ကို ပြုလုပ်ကြရာ ထင်းလိုအပ်ချက်မြင့်မားခြင်း၊ ဒေသခံတို့၏ထင်းခုတ်မှုက စနစ်တကျမရှိခြင်းတို့ကြောင်း သစ်တောရှိရာတောင်တန်းကြီးသည် တောင်ကတုံးဖြစ်သွားခဲ့ကြောင်း ရွာသားများက ဆိုသည်။

ထင်းသုံးစွဲမှုအပြင် လွယ်ငြိမ့်ကျေးရွာ ဧရိယာထဲက တောင်တန်းကြီးများ၏တောင်စောင်းများပေါ်မှာ ရာစုနှစ်ချီကာ လုပ်ကိုင်လာကြသည့် တောင်ရိုးလူမျိုးတို့၏ ရွှေ့ပြောင်းတောင်ယာချဲ့ထွင်မှုကလည်း သစ်တောအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေခဲ့ဖူးသည်။

နောက်ပိုင်းကာလများတွင် သစ်တောကမရှိ၊ မြေဆီတွေအကာအကွယ်မဲ့ဖြစ်ပြီး ရွှေ့ပြောင်းတောင်ယာလုပ်ငန်းများအတွက် ခက်ခဲသွားချိန်တွင် တောင်ရိုးလူမျိုးတို့က ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသည့်လုပ်ငန်းကို လက်လျှော့သွားခဲ့ကြသလို၊ ကျေးရွာများကိုလည်းစွန့်ခွာပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြောင်းလဲသွားခဲ့ကြကြောင်း လွယ်ငြိမ့်ကျေးရွာသားများက ရှင်းပြကြသည်။

လွယ်ငြိမ့်ကျေးရွာအနီးမှာပင်ရှိသည့် ရေပယ်အထက်ကျေးရွာတွင်တော့ ဒေသခံတို့၏ ထင်းခုတ်မှုနှင့်အတူ အခြားရွာများမှ သစ်တောများထက် ပိုမိုဆိုးရွားသည့်ဒဏ်ကိုခံခဲ့ကြရသည်။

“၁၉၉၅ ခုနှစ်လောက်အထိက အကျဉ်းဦးစီးက သူတို့အကျဉ်းထောင်အတွက်လိုအပ်တဲ့ထင်းကို ဒီတောင်ပေါ်မှာပဲ လာခုတ်တာ။ အကျဉ်းဦးစီးရော၊ ကျွန်တော်တို့ရွာသားတွေရောခုတ်ကြတဲ့အတွက် တောင်က ကြည့်လိုက်ရင် ပြောင်တလင်းခါနေတာ” ဟု ဦးမျိုးမင်းက ကျိုးတိုးကျဲတဲသစ်ပင်များနှင့် ရွာဘေးကတောင်တန်းကြီးကို လက်ညှိုးထိုးပြရင်း ဆိုလေသည်။

ဦးမျိုးမင်းက ကျေးရွာဆယ်အိမ်ခေါင်းတစ်ဦးဖြစ်သလို ကျေးရွာအစုအဖွဲ့ပိုင် သစ်တောထိန်းသိမ်းရေးအဖွဲ့မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်သည်။

“ထင်းခုတ်သွားဖို့အတွက် ထမင်းထုပ်နဲ့ဟိုး တောင်ပေါ်ထိပ်ဖျားတွေ၊ အခြားတောင်တွေအထိ တက်ကြပြီးခုတ်ကြရတော့တယ်။ ထင်းခုတ်တဲ့အလုပ်က တော်တော်ပင်ပန်းနေခဲ့ကြရတယ်” ဟု ဆိုလေသည်။

ညောင်ရွှေမြို့နယ်အတွင်းမှ ကျေးရွာအများစုသည် ဒေသလုပ်ငန်းများအတွက် ထင်းလိုအပ်ချက်မြင့်မားမှုအပါအဝင် အကြောင်းအရင်းများစွာကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်ခဲ့ကြရသည်။ လွယ်ခေါ်ကျေးရွာ၊ လွယ်ငြိမ့်ကျေးရွာနှင့် ရေပယ်အထက်ကျေးရွာတို့သည်လည်း ခံစားခဲ့ကြရသည်။

သစ်တောပြုန်းတီးမှုများက ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွှေမြို့နယ်တစ်ခုတည်းတွင် ဖြစ်ပေါ်နေခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

တောင်ယာချဲ့ထွင်လုပ်ကိုင်သည့် စိုက်ပျိုးရေး၊ သတ္တုတွင်း၊ မြို့ပြဧရိယာချဲ့ထွင်ခြင်း၊ သစ်ခုတ်ခြင်း၊ တောမီးလောင်ခြင်းတို့က မြန်မာနိုင်ငံ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းကိုဖြစ်ပေါ်နေသည့် အကြောင်းအရင်းများဖြစ်ကြောင်း UN-REDD ပရိုဂရမ်၏ စစ်တမ်းများကထောက်ပြထားသည်။

မြန်မာနိုင်ငံကုန်းမြေဧရိယာ၏ လေးဆယ့်ငါးရာခိုင်နှုန်းကျော်အထိဖုံးလွှမ်းထားသော ၃၁,၀၀၀ စတုရန်းကီလိုမီတာရှိသည့် သစ်တောစုစုပေါင်းမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်စဉ် ၆၄၇,၀၀၀ ဟက်တာအထိ ပြုန်းတီးလျက်ရှိသည်ဟုလည်း UN-REDD က ပြုစုထားသည့် စာရင်းများက ဖော်ပြလျက်ရှိသည်။

တစ်ကမ္ဘာလုံးတွင်လည်း ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ နှိုင်းယှဉ်ပြုစုထားသည့် စာရင်းများကလည်း ဟက်တာပေါင်း ၁၂၉ သန်းအထိ ပြုန်းတီးခဲ့ပြီး၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ဟက်တာပေါင်း ၃ ဒသမ ၃ သန်းအထိရှိနေကြောင်း စာရင်းများက ပြဆိုသည်။

ယင်းသို့ နှစ်စဉ်သစ်တောပြုန်းတီးမှုများသည် မြန်မာ့လူဦးရေ ၅၁ သန်းကျော်အနက်မှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိရှိသည့် ကျေးလက်နေ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် စိုက်ပျိုးမြေများမှ မြေဆီလွှာများပျက်စီးဆုံးရှုံးခြင်း၊ ချောင်းများ၊ မြောင်းများ၊ အင်းများ၊ အိုင်များ တိမ်ကောလာခြင်းများကိုသာ ဖြစ်ပွားစေသည်မဟုတ်ပေ။

သစ်တောပြုန်းတီးမှုများသည် ကမ္ဘာကြီးပူနွေးလာခြင်း၊ ရာသီဥတုများဖောက်ပြန်ခြင်းအတွက် အကြီးများဆုံးသော စိန်ခေါ်မှုများတွင် အပါအဝင်ဖြစ်နေပေသည်။

သစ်တောပြုန်းတီးမှုသည် ကမ္ဘာမြေကြီးပူနွေးလာစေသည့် ဓာတ်ငွေ့များကိုထုတ်လွှတ်သည့် အကြောင်းအရင်းများစွာအနက် စွမ်းအင်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများပြီးလျှင် တတိယအများဆုံးအဖြစ် ၁၇ ရာခိုင်နှုန်းအထိထုတ်လွှတ်နိုင်သည့် ရင်းမြစ်တစ်ခုလည်း ဖြစ်နေသည်။

မြန်မာနိုင်ငံအနေနှင့် ၂၀၀၈ ခုနှစ်တွင် UNFCCC သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂမူဘောင် ညီလာခံက ချမှတ်ခဲ့သည့် သစ်တောပြုန်းတီးခြင်း၊ တောအတန်းအစားကျဆင်းခြင်း Rs ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းလုပ်ငန်းအစီအစဉ် (UN-REDD) ၏ လုပ်ငန်းစဉ်အချို့ကို လုပ်ဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ်ပါဝင်ကာ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ညောင်ရွှေမြို့နယ်အတွင်းမှ ကျေးရွာများတွင်သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် UNDP က ဒေသခံများနှင့် တွေ့ဆုံကာစည်းရုံးမှုများ၊ သစ်တောဦးစီးဌာနနှင့် ချိတ်ဆက်ကာ လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့သည်။

“ကျွန်တော်တို့ လုပ်ဆောင်ရတဲ့အထဲမှာတော့ ဒေသခံတွေ သစ်တောကိုထိန်းသိမ်းရကောင်းမှန်းသိအောင်၊ ထိန်းသိမ်းချင်လာအောင် စည်းရုံးဟောပြောရတာက အခက်အခဲဆုံး လုပ်ငန်းစဉ်တစ်ခုပါပဲ” ဟု ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးဇော်လှိုင်ဆွေက အစုအဖွဲ့ပိုင်သစ်တောများတည် ထောင်ခြင်းလုပ်ငန်း လုပ်ငန်းစဉ်များကိုရှင်းပြသည်။

လူထုအခြေပြု သစ်တောများထိန်းသိမ်းကြရန် ဆောင်ရွက်ရသည်က မလွယ်ကူလှပေ။ မိမိတို့ထိန်းသိမ်းမည့် သစ်တောများကို မိမိတို့ရွာသားများက မခုတ်အောင်ပြုလုပ်ကြရကြောင်း လွယ်ငြိမ့်ကျေးရွာအစုအဖွဲ့ ပိုင်သစ်တောဥက္ကဋ္ဌ ဦးစံထွန်းက ပြောကြားသည်။

“ရွာသားတွေကတော့ ထင်းခုတ်တာဟာ မိရိုးဖလာလုပ်ငန်းဖြစ်တယ်။ ဘာဖြစ်လို့မလုပ်ရမှာလဲ ဆိုတာမျိုးလည်းရှိတယ်။ နောက်ဆုံး ထင်းဟာ ပြာဖြစ်သွားမယ့်ဟာပဲ မကောင်းတဲ့သစ်ကိုခုတ်ဆိုပြီး ပြောဆိုစည်းရုံးရပါတယ်” ဟု ဆိုလေ၏။

လွယ်ငြိမ့်ကျေးရွာ အစုအဖွဲ့ပိုင်သစ်တောထိန်း သိမ်းခြင်းလုပ်ငန်းများအတွက် UNDP က စည်းရုံးရေးများဝင်ရောက်လာချိန်၊ ကျေးရွာသစ်တောသည်လည်း ထင်းရှားပါးနေပြီး ထင်းခုတ်လုပ်ငန်းအတွက် ခက်ခဲနေချိန်တို့ တိုက်ဆိုင်နေခဲ့ပြီး စည်းရုံးရေးများ အောင်မြင်ခဲ့ကြောင်းလည်း ပြောပြသည်။

“ရွာကလူတွေကျတော့ တားပေမယ့် ခိုးခုတ်တာတွေရှိတော့ နောက်ဆုံးစံပြအနေနှင့် ဒဏ်ရိုက်မယ်ဆိုပြီး ပြီးခဲ့တဲ့သုံးလပိုင်းထဲကပဲ လူတစ်ယောက်ကို ဒဏ်ငွေသုံးသိန်းရိုက်ပစ်လိုက်ရတယ်” ဟု ရေပယ်အထက်ကျေးရွာရဲ့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းအခက်အခဲကို ဦးမျိုးမင်းက ရှင်းပြသည်။

အခက်အခဲများရှိနေသည့်ကြားမှပင် ညောင်ရွှေမြို့နယ်အတွင်းတွင် အစုအဖွဲ့ပိုင်သစ်တောများဖွဲ့စည်းကာ သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်နေကြသည့် ကျေးရွာပေါင်း ၁၀၄ ရွာ၊ အဖွဲ့ဝင်ပေါင်း ၆၉၇၈ ဦးအထိရှိနေပြီး၊ သစ်တောဧကအနေနှင့်လည်း ၃၄,၄၂၄ ဧကကို ထိန်းသိမ်းစောင့်ရှောက်နေနိုင်ပြီ ဖြစ်သည်။

အင်းလေးကန်ကိုအမှီပြုကာ ဖွံ့ဖြိုးလာသည့် ခရီးသွားလုပ်ငန်းများကလည်း ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်ခဲ့ပြီး လုပ်ငန်းပြောင်းလဲခြင်းများ၊ တောခုတ်ယာခုတ်လုပ်ငန်းများမှ ပန်းစိုက်ပျိုးရေးလုပ်ငန်များသို့ ပြောင်းလဲလုပ်ကိုင်လာကြခြင်းတို့က လွယ်ခေါ်၊ လွယ်ငြိမ့်နှင့် ရေပယ်အထက်ကျေးရွာတို့၏ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အောင်မြင်စေခဲ့ပြီးဖြစ်သည်။

လွယ်ငြိမ့်ကျေးရွာမှ အစုအဖွဲ့ပိုင်သစ်တောသည်လည်း ဒေသတွင်းပထမဆုံးအနေနှင့် ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ထူးချွန်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

“ဗီယက်နမ်မှာလို မြေကွက်လပ်မရှိအောင် စိုက်ပျိုးစိမ်းလန်းပြီး သစ်တောထွက်ကုန်ချောတွေ ထုတ်နိုင်တဲ့အထိလုပ်ချင်တယ်” လို့ ပြောလာသည့် ဦးစံထွန်းရဲ့ မျှော်လင့်ချက်များလည်း ရောင်နီသန်းလာသလိုလိုရှိခဲ့ပြီ။

လွယ်ခေါ်ကျေးရွာသားများကတော့ သူတို့ကျေးရွာကလေး စိမ်းလန်းစိုပြည်ပြီး သာယာလှနေဖို့ ထင်းပုံတွေကို မဲနှိုက်နေကြဦးမည် ဖြစ်ပေသည်။

ရန်မိုးနိုင်