POST TYPE
ENVIRONMENT
ကမ်းရိုးတန်းဒေသများ မိုးကြီးမည်
18-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၈
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ယင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများတွင် မိုးကြီးနိုင်ပြီး မိုးသက်လေပြင်းကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
လာမည့် ဇူလိုင်လ ၂၀ ရက်နေ့နှင့် ၂၂ ရက်နေ့ဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတွင် မိုးအားပိုလာနိုင်ပြီး မိုးသက်လေပြင်းလည်းကျနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
“မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် မုတ်သုံအား ကောင်းလာပြီး မိုးများနိုင်တယ်။ အလယ်ပိုင်းတွေလည်း မိုးအနည်းငယ် ရနိုင်တယ်”ဟု ၎င်းကဆိုသည်။
မုတ်သုံလေ အားအလွန်ကောင်းနေသည့်အပြင် တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ ရွေ့လျားလာခြင်းကြောင့်လည်း တနင်္သာရီ အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနေခြင်းဖြစ်ကြောင်း ဒေါက်တာကျော်မိုးဦးက ဆက်လက်ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၁၉ ရက်နေ့အတွက် ခန့်မှန်းချက်ထုတ်ပြန်သည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၄ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့်ရှိနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ဇူလိုင်လ ပထမအပတ်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် တနင်္သာရီ မြစ်ရေတက်လာရာ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်း မိုးအား ပိုနေသည့်အတွက် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် သံလွင်မြစ် အစရှိသည့် မြစ်ကြီးများတွင် မြစ်ရေ မြင့်တက်နေပြီး မြို့ကြီးအချို့မှာ စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးကပ်လျက်ရှိသည်။
E-03
- VIA
- Voice Admin
- SOURCES
- The Voice
-
15-Feb-2019
-
15-Feb-2019
-
15-Feb-2019
-
15-Feb-2019
-
15-Feb-2019
-
15-Feb-2019