POST TYPE

ENVIRONMENT

မွန်ပြည်နယ်အပါအဝင် ဒေသအချို့ နေရာကွက်၍ မိုးကြီးမည်
09-Jul-2018

ရန်ကုန်၊ ဇူလိုင် ၈

အနောက်တောင်မုတ်သုံလေ အားကောင်းနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယခုရက်ပိုင်း မိုးအားဆက်လက်ပိုနိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ယင်းဌာနထံမှသိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဇူလိုင် လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“မုတ်သုံလေအားအကောင်းဆုံး အချိန်ဖြစ်လို့ ကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးတာတွေဖြစ်နိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဇူလိုင်လ ၈ ရက်နေ့က အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ကာ အားလျော့သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းအရှိန်ကြောင့် မုတ်သုံလေ အားကောင်းနိုင်ရာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၇ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း ယင်းဌာနက သတိပေးထားသည်။

E-03