News

POST TYPE

ENVIRONMENT

ရန်ကုန်နှင့်ဒေသအချို့မိုးကြီးမည်
07-Jun-2018


ရန်ကုန်၊ ဇွန်၇

မုတ်သုံလေ အားကောင်းနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကာ ကျန်ဒေသများတွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ခြေရှိကြောင်း၊ ယင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများ၌ မုတ်သုံလေအားကောင်းပြီး မိုးကြီးခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်းနှင့် ပင်လယ်ပြင်မိုးလေဝသအခြေအနေ ဆိုးရွားခြင်းတို့ဖြစ်ပေါ်နိုင်သည်ကို သတိပြုရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“အညာဒေသနဲ့ချင်းပြည်နယ်၊ ကုန်းမြင့်တောင်တန်းဒေသတွေမှာလည်း မိုးရွာသွန်းမှု အားကောင်းလာနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

မိုးဆက်တိုက်ရွာသွန်းနေသည့်အတွက် မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ထားဝယ်မြို့တွင် ၇ ဒသမ ဝ၁ လက်မ၊ လောင်းလုံးမြို့တွင် ၆ ဒသမ ၆၅ လက်မ၊ ရေးမြို့တွင် ၄ ဒသမ ၈၄ လက်မ၊ မုဒုံမြို့တွင် ၄ ဒသမ ဝ၆ လက်မ၊ ကျိုက်မရောမြို့တွင် ၃ ဒသမ ၉၄ လက်မ၊ မာန်အောင်မြို့နှင့် ကိုကိုးကျွန်းမြို့တို့တွင် ၃ ဒသမ ၆၇ လက်မစီ၊ စစ်တွေမြို့တွင် ၃ ဒသမ ၄၆ လက်မ၊ကျောက်ဖြူမြို့တွင် ၃ ဒသမ ၁၁ လက်မနှင့်ချောင်းဆုံမြို့တွင် ၂ ဒသမ ၉၁ လက်မတို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။

ယခုရက်ပိုင်း၌ မကွေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်စသည့်ဒေသများတွင် မိုးဆက်တိုက်ရွာသွန်းခဲ့သည့်အတွက် မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာများမှ နေအိမ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ 

E-03



  • VIA