News

POST TYPE

ENVIRONMENT

တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်သူများကို ဂုဏ်ပြုချီးမြှင့်
06-Jun-2018 tagged as


ပုသိမ်၊ ဇွန် ၆

တောဆင်ရိုင်း ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်သူများကို ဇွန်လ ၆ ရက် နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင် အရာရှိနှင့် အခြားအဆင့် ၁၆ ဦး၊ သစ်တောဦးစီးဌာန ဝန်ထမ်းနှင့် သတင်းပေးသူ ဒေသခံများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အပါအဝင် ၇ ဦး၊ စုစုပေါင်း ၂၃ ဦးကို ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

“၂၀၁၇ ခုနှစ်က တောဆင်ရိုင်း အသတ်ခံရတဲ့အမှု ၂ မှုမှာ သလပ်ခွာ ရဲစခန်းက တရားခံ ၃ ဦးကို အသုံးပြုတဲ့ လက်နက်တွေနဲ့ ဖမ်းမိခဲ့တယ်၊၂၀၁၈ ခုနှစ် ငွေဆောင်မှာ ဖြစ်ပွားခဲ့တဲ့ တောဆင်ရိုင်းသတ်မှုမှ တရားခံ ၃ ဦးကိုလည်း တူမီးသေနတ် အဆိပ်လူးမြားတွေပါ ဖမ်းဆီးနိုင်ခဲ့တယ်၊ ဒီအတွက် ချီးမြှင့်တာပါ၊ သတင်းပေးသူတွေကိုလည်း သူတို့လုံခြုံရေးအတွက် လျှို့ဝှက်ချီးမြှင့်ပါတယ်”ဟု ၎င်းကဆိုသည်။

ဧရာဝတီတိုင်းတွင် ၂၀၁၇ ခုနှစ်က တောဆင်ရိုင်း သတ်ဖြတ်ခံမှု ၁၆ မှုဖြစ်ပွားပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တောဆင်ရိုင်း အသတ်ခံရမှု ၄ မှုဖြစ်ပွားကာ တစ်မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ကျန်သုံးမှုကို ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

“မျိုးပွားနိုင်တဲ့ တောဆင်ရိုင်း (အမ) တွေပါ အသတ်ခံနေရတာပါ။ သူတို့အတွက် မှီခိုတောတွေ ထောက်ပံ့နိုင်မှု လိုအပ်နေပါတယ်။ ဒါတွေကို (မှီခိုတော၊ စားကျက်) လိုအပ်မှုကို တောရိုင်းတိရစ္ဆာန်တွေ ခံစားနေရတယ်၊ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုကို ကာကွယ်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုကို တတ်စွမ်းသမျှ ဂုဏ်ပြုတာပါ”ဟု မြန်မာနိုင်ငံ တောရိုင်း တိရစ္ဆာန် မိတ်ဆွေများအသင်း (FRIENDS OF WILDLIFE) မှ အမှုဆောင် ဒါရိုက်တာ ဦးမြင့်အောင်က ပြောသည်။

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြသော ဂွမြို့နှင့် ငပုတောမြို့တို့တွင် နေသူများကို ကမ္ဘာ့တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့က ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း၊ ပုသိမ်မြို့တွင် တတိယအကြိမ်မြောက် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံ တောရိုင်းတိရစ္ဆာန် မိတ်ဆွေများအသင်း (FRIENDS OF WILDLIFE) ထံမှ သိရသည်။ 

R-12

  • TAGS