POST TYPE
ENVIRONMENT
ရန်ကုန်နှင့် ဒေသအချို့ မိုးကြီး
28-May-2018
ရန်ကုန်၊ မေ ၂၈
ဘင်္ဂလားပင်လယ်အောင် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ပုံမှန်ထက် မိုးအားကောင်းပြီး နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည် ။
ရန်ကုန်မြို့တွင် မေလ ၂၈ ရက်နေ့က နေရာကွက်၍ မိုးကြီးခဲ့သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ဒေသအချို့ ရေဝင်နစ်မြုပ်ခဲ့သည်။
ယင်းသို့ မိုးအားကောင်းခဲ့ရာတွင် ရန်ကုန်မြို့၏ မေလ ၂၈ ရက်နေ့ မိုးရေချိန်မှာ ၁ ဒသမ ၈၉ လက်မဖြစ်ပြီး မအူပင်မြို့တွင် ၃ ဒသမ ၄၃ လက်မ၊ ဟင်္သာတတွင် ၂ ဒသမ ၂ လက်မ၊ ပုသိမ်တွင် ၁ ဒသမ ၈၁ လက်မ၊ ဖျာပုံတွင် ၃ ဒသမ ၀၃ လက်မနှင့် ရေးမြို့တွင် ၅ ဒသမ ၉၁ လက်မ ရရှိခဲ့သည်။
“သူ့(လေဖိအားနည်းရပ်ဝန်း) အရှိန်ကြောင့် အလယ်ပိုင်းတွေအထိ မိုးရမယ်။ မိုးကြီးမယ်။ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းကတော့ မိုးသက်လေပြင်း ကျနိုင်တယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောဆိုသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း ယင်းဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မေလ ၂၈ ရက်မှစ၍ မိုးသက်လေပြင်းများ တိုက်ခတ်ကာ လှိုင်းကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၂ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လေပေမှ ရှစ်ပေခန့် ရှိနိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။
လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းပြောဆိုသည်။
E-03
- VIA
- Voice Admin
- SOURCES
- The Voice
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
15-Feb-2019