News

POST TYPE

ENVIRONMENT

ပိုင်ရှင်မဲ့ ပြဇာတ်
26-May-2018

သတင်းတွေ ဖတ်နေရတယ်။ မကြာခဏ ဖတ်နေရတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်ဌာနက ဘာအရာရှိ ဦးဘယ်သူ ဘယ်ဝါ ခေါင်းဆောင်သောအဖွဲ့သည် သတင်းအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင် တရားမဝင် ကျွန်းသစ်တန်ချိန် ဘယ်လောက်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိပါကြောင်း။

အလားတူ ဘယ်နေ့၊ ဘယ်အချိန်တွင်လည်း ဘယ်မြို့နှင့်ဘယ်မြို့ အသွား လမ်းဘေး၊ မိုင်တိုင်အမှတ် ဘယ်လောက်၊ ဘယ်လောက်တွင် ရပ်တန့်ထားသော ယာဉ်အမှတ် ဘယ်လောက်ဘယ်လောက် တပ်ဆင်ထားသည့် ဘယ်နှဘီးယာဉ်အား မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးရာတွင် ယာဉ်ပေါ်မှ တရားမဝင် ပိတောက်တုံး ဘယ်နှတုံး၊ ခန့်မှန်းတန်ချိန် ဘယ်ရွေ့ဘယ်မျှကို သိမ်းဆည်းရမိပါကြောင်း။

ထပ်မံ၍ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လမ်းပေါ်တွင် ဖွင့်လှစ်ထားရှိသော ဘယ်စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားသည့် မော်တော်ဆိုင်ကယ် ဘယ်နှစီးကို စစ်ဆေးရာတွင် မော်တော်ဆိုင်ကယ် စီးနင်းလာသူများသည် ယင်းတို့၏ ဆိုင်ကယ်ပေါ်တွင်တင်ဆောင်လာသည့် ပိတောက်တုံးများကိုပစ်ချခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေး လွတ်မြောက်သွားသဖြင့် သစ်များကို ဘယ်ဌာနသို့ အပ်နှံထားရှိပါကြောင်း။

နေ့ရက်တွေ၊ အချိန်တွေ၊ နေရာတွေ၊ ဖမ်းဆီးရမိတဲ့ သစ်အမျိုးအစားနှင့် ပမာဏတွေသာ ကွဲရင်ကွဲသွားမယ်၊ ပိုင်ရှင်မဲ့ဆိုတာကတော့ အားလုံး နီးပါးအတူတူပဲ။ ထူးတော့ ထူးနေတယ်။ ဆန်းတော့ ဆန်းနေတယ်။ သယ် ဆောင်သူမရှိပါဘဲနဲ့ ဒီလိုသစ်တွေက ဒီလိုနေရာတွေကို အလိုလိုရောက် လာကြတယ်ဆိုတော့ လေကြမ်းကြီးတွေ တိုက်ခတ်လွန်းလို့များ သူ့အလိုလို လွင့်ပါလာကြတာလေလား။ ဒါလည်း စဉ်းစားစရာ အချက်တစ်ခုပဲ။ စဉ်းစားတယ်ဆိုရာမှာ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံက ခြုံငုံစဉ်းစားသုံးသပ်နိုင်မှသာ တန်ကာကျတာ မဟုတ်လား။

တောတောင်တွေကပြုန်း၊ ရာသီဥတုတွေက ဖောက်ပြန်လာတော့ လေကြမ်းကြီးတွေက မကြာခဏ တိုက်ခတ်နေတယ်။ နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေလည်း အမိုးတွေ လန်ကုန်ကြတယ်။ တချို့ဆိုရင် အိမ်တွေအလုံးလိုက် ကျွတ်ပါသွားကြတယ်။ အပင်ကြီးတွေလည်း ကိုင်းကျိုးကျရုံတင်မက အမြစ်ပါကျွတ်ပြီး လဲသွားတာတွေလည်းရှိတယ်။ အင်း ... အိမ်တွေတောင်မှ အလုံးလိုက် ကျွတ်ပါသွားနိုင်တဲ့လေ၊ အပင်ကြီးတွေကိုတောင်မှ အမြစ်က ဆွဲနုတ်နိုင်တဲ့လေဆိုတော့ ဒီလို သစ်တုံးလေးတွေ လေထဲက လွင့်ပါလာတယ်ဆိုတာလည်း ဖြစ်တော့ဖြစ်နိုင်တာပဲ။ ဒါ မဖြစ်နိုင်စရာမရှိဘူးပေါ့လေ။

ဒါပေမဲ့ ခက်တာက လွင့်ပါလာတဲ့ သစ်လုံးတွေက လေဒဏ်မိုးဒဏ်ကြောင့် အပိုင်းပိုင်းပြတ်ပြီး ကျိုးရာပဲ့ရာ ပွန်းရာရှရာတွေနဲ့ ဖြစ်နေရမယ့်အစား လေးဖက်ညီညီ ခွဲစိတ်ပိုင်းဖြတ်ထားတဲ့ အတုံးလေးတွေ ဖြစ်နေတော့ ကား လေဒဏ်ကြောင့် ပဲ့ပါလာတယ်လို့ကလည်း ယူဆဖို့ မဖြစ်နိုင်ပြန်ဘူး။ မိုးလေဝသကကြေညာတဲ့ တစ်နာရီ မိုင်ဘယ်လောက်နှုန်းဆိုတာနဲ့ ချိန်ကြည့်ရင်လည်း ဒီလေတိုက်နှုန်းနဲ့ ဒီဟာကြီးတွေ လွင့်ပါလာဖို့က သိပ်တော့ မလွယ်ပြန်ဘူး။ ဒီတော့ စဉ်းစားဦး၊ စဉ်းစားဦး။ ဒါတွေ ဘယ်က ဘယ်လို ဘယ်ပုံဘယ်နည်းနဲ့ ရောက်နေကြတယ်ဆိုတာကို ဉာဏ်မီသမျှ စဉ်းစားလိုက်ဦး။ ကိုယ့်ကိုယ်ကိုယ် ဒီလိုသတိပေးပြီး စဉ်းစားခိုင်းပေမယ့် ဦးနှောက်ကများ သိပ်အလုပ်မလုပ်တော့တာလားတော့ မသိ၊ သေချာရေရာတဲ့ အဖြေတစ်ခုကို ရမလာနိုင်သေးဘူး ဖြစ်နေတယ်။

နောက်တစ်ခါ မောင်းသူမဲ့ကိစ္စ။ ဒါလည်း မဖြစ်နိုင်ဘူးလို့တော့ ပြောလို့ မရပြန်ဘူး။ အခုခေတ်က နည်းပညာတွေ အရမ်းကို တိုးတက်နေတဲ့ခေတ်ကြီး။ ဟောဒီလို မြေလမ်းကလေးတွေ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းလေးတွေပေါ်မှာ မဆိုထားနဲ့ဦး လူသူမရောက်မပေါက်နိုင်တဲ့ ဟိုဂြိုဟ် ဒီဂြိုဟ်တွေအထိတောင်မှ မောင်းသူမပါဘဲ အာကာသယာဉ်ချည်းသတ်သတ် စေလွှတ်ပြီးတော့ ဟိုမှာ ဘာတွေရှိတယ်၊ ဘယ်အခြေအနေ ဖြစ်ပေါ်နေတယ်ဆိုတာတွေကို စုံစမ်းထောက်လှမ်းနိုင်တဲ့ခေတ်ကြီးဆိုတော့ တရားမဝင်သစ်တွေ သယ်ဆောင်လာတဲ့ မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေလည်း မောင်းသူမဲ့ အဝေးထိန်းစနစ်နဲ့ တစ်နေရာက တစ်နေရာကို ကူးချည်သန်းချည် လွန်းပျံ လှည့်နေကြတာက မဖြစ်နိုင်စရာအကြောင်း လုံးဝကို မရှိဘူးလို့ပဲ သုံးသပ်ရလိမ့်မယ်။ ဖြစ်ကိုဖြစ်နိုင်ပါတယ်လေ။ ဒီလိုတွေးမိတော့လည်း ကိုယ့်ရေ ကိုယ့်မြေရဲ့ အံ့မခန်းစွမ်းလှတဲ့ နည်းပညာ တိုးတက်မှုတွေအတွက် တကယ်ကို အားရကျေနပ်မိသွားတယ်။ ပီတိသောမနဿတွေက တစိမ့်စိမ့်ပွားလာ တယ်။ ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ဆိုတာဒါမျိုးကို ဆိုလိုတာဖြစ်ရမယ် လို့ တထစ်ချတွက်ယူလိုက်မိတယ်။

တချို့ကိစ္စတွေ ကျပြန်တော့လည်း ပိုင်ရှင်ပါ လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်တာကို တွေ့ရတယ်။ ဪ ... ဒီလိုဆိုတော့ လက်ခုပ်တီးပြီး အားပေးစရာပ။ ချီးကျူးစရာပ။ အဟောဝတ- တကယ့်ကို အံ့ဩလောက်ဖွယ်ရာ ကြီးပါပေတကား။ ဒါပေမဲ့ အံ့လို့မပြီးခင် ဩလို့မဆုံးခင်မှာပဲ ဆက်ဖတ် ကြည့်လိုက်တော့ ပမာဏက တန်ချိန် သုည ဒသမ ဘယ်ရွေ့ဘယ်မျှလောက် ဆိုတာတွေချည်း။ ဪသာ်... သိလိုက်ပြီ၊ သိလိုက်ပြီ။ အရေအတွက်နည်းရင် ပိုင်ရှင်ရှိ၊ အရေအတွက်များရင် ပိုင်ရှင်မဲ့။ ဒီလိုလား။ အို... ဒါလည်း သိပ်တော့မမှန်သေးတဲ့ ယူဆချက်ကြီးပါ။ ဒီလို ပုံသေပြောလို့မရတဲ့သက် သေသာဓကတွေကလည်း အများကြီးရှိနေပြန်သေးတယ်။ အမှန်တကယ် ကိုပဲ ပိုင်ရှင်မဲ့သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါဆို ဒီလိုတွေ ဖြစ်နေပျက်နေကြတာကို သက်ဆိုင်ရာတွေက မသိ ကြဘူးလား။ မဖမ်းကြဘူးလား။ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့ မှာလား။ သိသလောက်တော့ သိကြတာပဲတဲ့။ တတ်နိုင်သလောက်တော့ ဖမ်းကြတာပဲတဲ့။ အရေးယူမှုတွေလည်း ရှိနေကြတာပါပဲတဲ့။ လက်တွေ့လည်း စံနမူနာပြ စုံစမ်းဖော်ထုတ် ဖမ်းဆီးအရေးယူမှုတွေ ဘယ်လိုဘယ်ပုံဆောင် ရွက်နေကြတယ်ဆိုတာတွေကို ထင်ထင်ရှားရှား တွေ့နိုင်မြင်နိုင်ကြတာမို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း နည်းနည်းလေးမှ သံသယဝင်စရာ မလိုဘူးတဲ့။ မလိုပါဘူးတဲ့။

တစ်ခုရှိတာက ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ဆိုတာလိုများ ဖြစ်နေသလားမသိ။ ဖမ်းမယ့်ဆီးမယ့်သူကနည်းနည်း၊ အလစ် သုတ်မယ့်သူက များများဖြစ်နေပုံရပါရဲ့။ ဒီဘက်ကိုချောင်းနေတော့ ဟိုဘက် က လစ်ပြေးပြန်တယ်။ ဟိုဘက်ကို လိုက်ပြန်တော့ ဒီဘက်ကပြေးပြန်တယ်။ ပြေးတမ်းလိုက်တမ်း ကစားနေကြရတာလည်း မမောနိုင်မပန်းနိုင် ဖြစ်နေကြပုံပဲ။

တစ်ဖက်မှာလည်း မဟုတ်တာလုပ်တဲ့သူတွေဘက်က ကွန်ရက်ချိတ် ဆက်မှုတွေ ကောင်းနေကြပြန်တယ်။ ဘယ်ဘက်ကို ဘယ်အဖွဲ့အစည်း ထွက်လာပြီ။ ကြိုပြီးရှောင်ကြတိမ်းကြတော့။ ဘယ်သူကတော့ ဘယ်ဘက်ကို ဦးတည်နေပြီ၊ လွတ်အောင် ပြေးထား၊ လှုပ်ရှားမှုတွေ ရပ်ထားဆိုတာမျိုးတွေက သူတို့ရဲ့ သူလျှိုတွေ၊ သတင်းပေးတွေနှင့် အဆက်မပြတ် ချိတ်ဆက်လုပ်ကိုင်နေကြပြန်တယ်။ ဒီတော့ သတင်းမှန်ရင် သူတို့ဘက်က လက်ဦးမှုရနေတာကလည်း တစ်ပန်းရှုံးနေပြန်တယ်။ တာဝန်ရှိသူတွေရဲ့ အပိုင်းမှာလည်း ခြေသံလုံလုံနဲ့ လိုက်နိုင်၊ ဖမ်းနိုင်ဖို့ လိုပြန်တယ်။

တချို့က အသက်မွေးမှုတစ်ခုအတွက် လုပ်ကိုင်စားသောက်စရာ မြေယာ၊ ကျွဲ၊ နွား စသည်အားဖြင့် မရှိလို့သာ ဒီလိုလုပ်ရပါတယ်လို့ ပြောကြဆိုကြပေမယ့် တကယ်တမ်းကျတော့ တခြားနည်းလမ်းနဲ့ အသက်မွေးဝမ်းကျောင်းပြုစရာ အခွင့်အလမ်းတွေ ရှိနေတာကိုလည်း တွေ့ရပြန်တယ်။ တချို့ကျတော့လည်း ဒါကြီးကိုပဲ စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်အသက် မွေးနေကြတာလည်း ရှိပြန်တယ်။ အထဲနှင့်အပြင် ထွက်လိုက်ဝင်လိုက်လုပ်တဲ့သူတောင် ရှိသတဲ့။ ရှောင်တယ်၊ တိမ်းတယ်၊ ကွေ့တယ်၊ ပတ်တယ်၊ လွတ်တဲ့အခါလွတ်တယ်။ မလွတ်တဲ့အခါ အဖမ်းခံရတယ်။ ပြစ်ဒဏ်တွေ ကျတယ်။ အချိန်စေ့တော့ လွတ်လာတယ်။ လွတ်လာတော့ စောစောကလိုပဲ ပြန်လုပ်ပြန်တယ်။ ဒီသံသရာက လည်နေတယ်။

တကယ်ဆို အပင်ကြီးတစ်ပင်ဖြစ်ဖို့ အချိန်အကြာကြီးယူခဲ့ရတာ။ အကြာကြီးဆိုမှ အကြာကြီး။ အဲ့ဒီအကြာကြီးနေမှ ကြီးလာတဲ့အပင်တစ်ပင် ကို ချိန်းဆောတစ်လက်နဲ့ တိုက်ချလိုက်တော့ မိနစ်ပိုင်းအတွင်းမှာ ဗုန်းဗုန်းလဲ သွားရရှာတယ်။ ခိုးကြောင်ခိုးဝှက်နဲ့ ရလာတဲ့အကျိုးအမြတ်က မဆိုသလောက် ကလေး။ ဆုံးရှုံးသွားတာက တိုင်းပြည်ပါမက ကမ္ဘာနှင့်ချီတယ်။

ဒီလိုတွေဖြစ်နေတာကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ ပြည်သူ တွေက ဝိုင်းကြကူကြရင်တော့ ပိုပြီး ထိရောက်အောင်မြင်နိုင်တယ်လို့ မြင်မိ တယ်။ ဒီလိုပြောလို့ တာဝန်ရှိသူတွေကသာ တာဝန်ယူရမယ့်ဟာကို ဘယ့်နှယ်ကြောင့် ပြည်သူကို ဆွဲထည့်နေရတာလဲလို့ မေးစရာရှိနေလိမ့်မယ်ထင်တယ်။ မေးတာကတော့ မေးပေါ့လေ။ အဖြေကတော့ တိတိကျကျ ပြန်မဖြေနိုင်သေးလို့ မဖြေပါရစေနဲ့ဦး။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူပါရင်တော့ ပိုပြီးထိရောက်အောင်မြင်နိုင်မှာ သေချာပါတယ်။

အခုလည်း တာဝန်သိပြည်သူတွေကတော့ သတင်းတွေ ပေးနေကြတာပါပဲ။ ဘယ်နေရာမှာ ဘယ်သူက ဘာတွေတင်ပြီး ဘယ်ဘက်ကိုမောင်းပြေးနေပြီဆိုတာကို သက်ဆိုင်ရာတွေလှမ်းပြီး ပြောနေကြတာပါပဲ။ သတင်းပေးချက်ကြောင့် မိတဲ့ဟာတွေလည်း မိနေကြတာပါပဲ။ ခက်တာက သတင်းပေးသူမှာလည်း ပြောဖို့က အကန့်အသတ်တွေ ရှိနေပြန်တယ်။ အခုပြောနေတာ ဘယ်ရွာက ဘယ်သူဆိုတာကို အမှန်အတိုင်း ဖွင့်မပြောရဲဘူး။ ကြောက်နေရတယ်။ တရားမဝင် လုပ်ငန်းလုပ်တဲ့သူတွေဘက်မှာ အင်အားတွေရှိသတဲ့။ ကွန်ရက်တွေ ချိတ်ထားသတဲ့။ ဘယ်သူသတင်းပေးလို့ ဘယ်ကိစ္စတော့ အဖမ်းခံလိုက်ရပြီဆိုရင် သတင်းပေးသမားကို စုံစမ်းပြီး တတ်နိုင်တဲ့ဘက်ကနေ ဒုက္ခပေးဖို့ လက်မတွန့်တတ်ကြဘူးဆိုပဲ။ တစ်ခါ တစ်ခါမှာ အသက်ကိုတောင် ရန်ရှာတဲ့အထိ ဖြစ်လာကြတယ်ဆိုပဲ။

ဒီတော့ သတင်းလှမ်းပေးရင်လည်း ခိုးကြောင်ခိုးဝှက်ကလေးသာ ပေးရဲကြတော့တယ်။ သတင်းလက်ခံတဲ့သူကလည်း သတင်းပေးသူရဲ့လုံခြုံမှုအတွက် သူ့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လျှို့ဝှက်ပေးထားရတော့တယ်။ မေးလို့လည်း မရဘူး။ အခုသတင်းပေးတာ ဘယ်သူပါလိမ့်ဗျာလို့ မေးတာနဲ့ ဖုန်းချသွားတတ်တော့ နောက်ဆို မမေးကြတော့ဘူး။ ဘယ်နေရာလဲ၊ ဘာတွေလဲဆိုတာမျိုးလောက်သာ မေးနိုင်ကြတော့တယ်။

တကယ်လို့ သိနေမြင်နေတဲ့သူက သိတဲ့မြင်တဲ့အတိုင်း လိုက်ပြီးပြပေးနိုင်ရင်တော့ အကောင်းသား။ ဒါပေမဲ့ သူ့မှာကလည်း သူ့ဘဝရှေ့ရေးအတွက် စဉ်းစားရသေးတယ်လေ။ သစ်သတင်းလေးပေးမိလို့ တစ်သက် တာလုံး ရန်ငြိုးအဖွဲ့ခံရနိုင်တဲ့အပိုင်းက ရှိသေးတယ် မဟုတ်လား။ တချို့ ဒေသတွေမှာတော့ သတ္တိရှိရှိနဲ့ကို ရှေ့ထွက်ပြီး သတင်းပေးတဲ့သူတွေရှိကြ ပါတယ်။ မူးယစ်ဆေးလိုဟာမျိုးကိုတောင်မှ သေသေချာချာစောင့်ဖမ်းပြီး မှ တာဝန်ရှိသူလက်ထဲကို အပ်ပေးတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ ရှိကြသတဲ့။ ဒီလိုနေရာမျိုးမှာဆိုရင်တော့ တောကြောင်တွေ လက်ခမောင်း ခတ်ဖို့ အခွင့်အလမ်း နည်းသွားမှာအမှန်ပါ။

နောက်တစ်ခု အခက်အခဲက လမ်းပန်းဆက်သွယ်ရေးစနစ်။ တာဝန်ယူရတဲ့ နယ်ပယ်ကျယ်ရင် ကျယ်သလောက် တစ်နေရာနှင့်တစ်နေရာကို သတင်းရပြီးပြီးချင်း အချိန်မီ၊ အချိန်ကိုက် အရောက်သွားနိုင်ဖို့က အခက်အခဲတွေ ရှိနေတယ်။ မြန်နိုင်သမျှ အမြန်သွားပေမယ့် နောက်ကျသွားပြီ ဆိုတာမျိုး ဖြစ်သွားတတ်တယ်။ မမီလိုက်တော့ဘူး။ လွတ်ထွက်သွားပြီ။ နေရာတိုင်းမှာ လူအင်အားတွေခွဲ ဖြန့်ချထားနိုင်ဖို့ကလည်း မဖြစ်နိုင် သေးဘူး။

မိပြန်တော့လည်း လိုက်တဲ့သူရဲ့ ရိုးသားမှုက အရေးကြီးပြန်ရော။ မိလျက်သားနဲ့ မမိဘူးလို့ပြောတာတွေ ရှိသတဲ့။ ရှိလျက်သားနဲ့ မရှိဘူးလို့ ပြောကောင်း ပြောလိမ့်မယ်တဲ့။ ပိုင်ရှင်ပါ လက်ပူးလက်ကြပ် မိလျက်သားနဲ့ ထွက်အပြေးခိုင်းပြီး ပိုင်ရှင်မဲ့လို့ ဆိုတာမျိုးလည်း ရှိနိုင်သေးသတဲ့။ မိတာကို မမိဘူးလို့ ပြောလာအောင်၊ ပိုင်ရှင်ရှိတာကို ပိုင်ရှင်မဲ့လို့ပြောအောင် ဟို တစ်ဖက်က မည်သို့မည်ပုံ ပြုလုပ်လိုက်သည် မသိပေါ့လေ။ အဲ့ဒီလို မည်သို့ မည်ပုံပြုလုပ်တာကို လက်ခံတဲ့အတွက် ဘယ်နှနှစ်လောက်တော့ လူတွေ သူတွေနှင့် အဆက်အဆံ မလုပ်ရတဲ့နေရာလေးမှာနေပါဦးလို့ အပို့ခံကြရတဲ့သူတွေလည်း ရှိသတဲ့။

လမ်းရှင်းတဲ့။ ရှေ့ပြေးတဲ့။ ကြိုပွိုင့်တဲ့။ ဪ ... ဒါတွေလည်း ရှိသေး ပြန်သတဲ့။ တချို့နေရာတွေမှာ နာမည်ပျက်လာသတဲ့။ ဘယ်နယ်ထဲကိုဝင် လိုက်ရင်တော့ ဘယ်လမ်းတစ်လျှောက်မှာ ဆီးပြီးတော့ အလှူခံတော်မူ ကြတဲ့သူတွေ တစ်ဖွဲ့ကြီး ရှိနေကြသတဲ့ဆိုပြီး သတင်းတွေထွက်နေတာတွေကလည်း ရှိပြန်သတဲ့။ အလှူခံတာကလည်း တာဝန်ရှိသူတွေ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ ဒါမျိုးက အချက်အလက် အထောက်အထားနဲ့ တင်ပြနိုင်ဖို့၊ အသိပေးနိုင်ဖို့ အခက်သားလား။ ပေးတဲ့သူက ပေးရတယ်ဆိုပေမယ့် သူကိုယ်တိုင်ကလည်း မဟုတ်တာကို လုပ်တဲ့သူဆိုတော့ ဒီလိုပေးရတဲ့အတွက် မအော်ရဲဘူး။ အသံမထွက်ရဲဘူး။ ဘေးကရပ်ကြည့်တဲ့သူတွေကသာ လေသံကြားနဲ့ အော်နေကြတာ။ ဟိုကာယကံရှင်မှာတော့ သူခိုးကို ခွေးလိုက်ဆွဲသလို အော်ရအခက်၊ ခံရအခက်ပေါ့လေ။

တောတွေပြုန်းတီးလာတာကို ထိန်းဖို့၊ တရားမဝင် သစ်ခုတ်မှုတွေ၊ သစ်တောထွက်ပစ္စည်း တရားမဝင် ထုတ်လုပ်မှုတွေကို အထူးအလေးထားပြီး ဖမ်းဆီးအရေးယူဖို့အတွက် လူကြီးတွေကတော့ အမြဲမပြတ် လမ်းညွှန်နေကြတယ်။ ဒီလမ်းညွှန်ချက်တွေအပေါ်မှာ တာဝန်ရှိသူပီပီ၊ တာဝန်သိသူပီပီ အလေးထားလိုက်နာ ဆောင်ရွက်နေကြသူတွေ ရှိတယ်။ အများကြီး ရှိပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ဟန်ရေးပြရင်းသာ အချိန်ကုန်နေကြတယ်။

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ ဂေါ်ဇီလာဖမ်းမယ်ဆိုတဲ့ ဟန်တွေ ပန်တွေ ခင်းနေကြတုန်းမှာပဲ တောရပ်မြိုင်လယ်မှာတော့ ချိန်းဆောသံတွေ တဒီးဒီး မြည်သံတွေနှင့်အတူ အပင်ကြီးတွေ တဝုန်းဝုန်းလဲနေကြရပြီ။ လမ်းတစ်လျှောက်လုံးမှာ ကုမ္ဘဏ်တစ်ထောင်လို အစောင့်အကြပ်တွေ အထပ်ထပ် ချထားပါလျက်နဲ့ မီးခြစ်ဆံကလေး၊ သွားကြားထိုးတံကလေးလို တော်စွလျော်စွနေရာလေးထဲမှာ ကြားညှပ်ပြီး ဝှက်သွားလို့မရနိုင်တဲ့ သစ်တုံးကြီးတွေက ပေါက်ဖော်ကြီးများရဲ့ စိနတိုင်းကို တရွေ့ရွေ့နဲ့ ခရီးဆက်နေကြပြီ။ မိသလောက်မိတယ်ဆိုပေမယ့် လွတ်သလောက်ကလည်း လွတ်နေကြသေးတယ်လေ။

ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို ဝိုင်းကြကူကြမလဲ။ ဘယ်လိုတွေ ထိန်းသိမ်းကြမလဲ။ ပိုင်ရှင်မဲ့ ပြဇာတ်ကြီး ဆက်ကလို့ မရတော့အောင် ဘယ်လို လုပ်ကြရင်ကောင်းမလဲနော်။

သိုက်စိုးထွန်း(နတ်ရွာ)