News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ မိုးထစ်ချုန်းရွာမည်
ရန်ကုန်၊ မေ ၆

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် နောက်သုံးရက်အတွင်း မိုးဆက်လက် ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ 

အနောက်တောင် မုတ်သုံလေဖြစ်လာမည့် လေစုဖွဲ့မှုများကို အီကွေတာ တောင်ဘက်တွင် တွေ့ရှိရပြီး ခန့်မှန်းချက်များအတိုင်း မုတ်သုံလေသည် မေလ ၁၆ ရက်နေ့ဝန်းကျင်တွင် ဝင်ရောက်လာနိုင်ဖွယ် ရှိနေကြောင်း၊ မေလ ၁၂ ရက်နေ့ နောက်ပိုင်း၌ မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု ပိုလာနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။ 

ထို့ပြင် နေ့အပူချိန်များ မြင့်တက်ခြင်းကြောင့် မွန်းလွဲနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး မိုးသက် လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဖြစ်စဉ်များသည် မုတ်သုံမဝင်မီ ကာလအတွင်း အဖြစ်များနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း ဦးကျော်လွင်ဦးက သတိပေး ပြောကြားသည်။

“ဘင်္ဂလားပင်လယ်အော် အခြေအနေ တည်ငြိမ်နေတယ်။ မုန်တိုင်းဖြစ်နိုင်ခြေ မတွေ့ရသေးဘူး”ဟု ၎င်းကဆိုသည်။ 

ဒေသအလိုက် နေ့အပူချိန်များ မြင့်တက်နေရာတွင် ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်စီနှင့် မြင်းမူမြို့၊ မြင်းခြံမြို့၊ အောင်လံမြို့၊ ဆင်ဖြူကျွန်းမြို့၊ ဖြူးမြို့နှင့် ဘော်လခဲမြို့တို့ တွင် ၃၉ ဒီဂရီစင်တီဂရိတ်စီရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ 

E-03