News

POST TYPE

ENVIRONMENT

သစ်စက်လုပ်ငန်း လုပ်ကိုင်သူများ ကိုယ်ပိုင်သစ်တော စိုက်ခင်းရှိမှ လုပ်ကိုင်ခွင့်ပြုမည်
06-May-2018
ရန်ကုန်၊ မေ ၆

သစ်အခြေခံ စက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအနေနှင့် သစ်ကုန်ကြမ်း ရေရှည်ရရှိစေရန် ကိုယ်ပိုင်သစ်တော စိုက်ခင်းများ ထူထောင်မှသာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ လုပ်ငန်းခွင့်ပြုမိန့်ကို ရရှိမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နီလာမူက ပြောကြားသည်။

“အခုနောက်ပိုင်းကို သစ်ကုန်ကြမ်းအတွက် သဘာဝ သစ်တောက သစ်တွေကိုခုတ်ပြီး သစ်ထုတ်လို့ မရဘူး။ ကိုယ်ပိုင် သစ်တောစိုက်ခင်းအတွက် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနကနေ အတည်ပြုချက် ရပြီးမှ MIC က ခွင့်ပြုမိန့်ထုတ်ပေးမှာ”ဟု ၎င်းကရှင်းပြသည်။

နိုင်ငံခြား လုပ်ငန်းရှင်များ သစ်စက်လုပ်ငန်း လုပ်ကိုင်လိုပါက ကိုယ်တိုင်မြေ ငှားရမ်းကာ သစ်တောစိုက်ခင်း တည်ထောင်၍ဖြစ်စေ၊ သစ်တောစိုက်ခင်း ပိုင်ဆိုင်ထားသည့် ပြည်တွင်း လုပ်ငန်းရှင်နှင့် အကျိုးတူ ပူးပေါင်း၍ဖြစ်စေ၊ နိုင်ငံခြားမှ သစ်ကုန်ကြမ်းများ တင်သွင်း၍ဖြစ်စေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

သစ်အခြေခံစက်မှု လုပ်ငန်းအများစု မှာ သစ်အချောထည်ကို အဓိကတင်ပို့နေခြင်းမဟုတ်ဘဲ သစ်ခွဲသားများကို တင်ပို့နေခြင်းကြောင့် တစ်နှစ်လျှင် သစ်စက်တစ်ခုအတွက် လိုအပ်သည့် သစ်ကုန်ကြမ်းမှာ တန်ချိန် လေးသိန်းနီးပါးရှိကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိအစိုးရသည် သစ်တောများ ထိန်းသိမ်းရေးဘက်ကို ဦးစားပေးလို သောကြောင့် သစ်တောမှ သစ်ကုန်ကြမ်း များကို ထုတ်လုပ်ခွင့် မပေးတော့ခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် လိုအပ်သည့် သစ်ကုန်ကြမ်းအတွက် အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်းမှ သစ်လုံးများ ရောင်းချပေးနေကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။

“အခုလောလောဆယ်တော့ ပုဂ္ဂလိက သစ်စိုက်ခင်းတွေက သစ်တွေက လိုသလောက် မရသေးတော့ မြန်မာ့သစ်လုပ်ငန်းက ရောင်းတဲ့သစ်ကို ပြည်တွင်း လုပ်ငန်းရှင်ရော နိုင်ငံခြားသားကပါ လေလံ ဝင်ဆွဲတယ်။ နောက်ပိုင်းမှာ ရှိနှင့်ပြီးသား သစ်စက်လုပ်ငန်းတွေလည်း ကိုယ်ပိုင် သစ်တော တည်ထောင်ဖို့ကို အစိုးရက လုပ်ခိုင်းဖို့ စီစဉ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ သဘာဝသစ်တောများမှ ထွက်ရှိသော သစ်ကုန်ကြမ်းများဖြင့် အသုံးပြုထုတ်လုပ်နေသည့် သစ်အခြေခံ စက်မှုလုပ်ငန်းများကို ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ထုတ်ပေးခြင်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်မှစ၍ လက်ရှိ အချိန်အထိ ယာယီ ရပ်ဆိုင်းထားသည်။

J-13