POST TYPE

ENVIRONMENT

ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းငယ် တစ်ခု ဖြစ်နိုင်ဖွယ်ရှိ
19-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၉

အနောက်တောင် မုတ်သုံလေ ပြန်လည် ဆုတ်ခွာစဉ်ကာလ လေထု မငြိမ်မသက်မှုများကြောင့် ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းငယ် တစ်ခု ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ကြေညာချက် ထုတ်ပြန်သည်။

စက်တင်ဘာလ တတိယ အပတ်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး ကျန်ဒေသများတွင် ပုံမှန် ရွာသွန်းမြဲသာ ရှိနိုင်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

“လေဖိအားနည်းရပ်ဝန်းတွေကတော့ ဖြစ်လာနိုင်တယ်။ မုန်တိုင်းတွေကတော့ များသောအားဖြင့် အိန္ဒိယဘက်ကိုပဲ ဝင်တာ များတယ်။ ဒါပေမဲ့ သတိထား စောင့်ကြည့်ဖို့တော့ လိုပါတယ်”ဟု မိုး လေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ဆိုသည်။

အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများမှလည်းကောင်း စက်တင်ဘာလ ၂၆ ရက်မှ ၃ဝ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှ ဆုတ်ခွာသွားဖွယ် ရှိကြောင်း အဆိုပါ ဌာနက ခန့်မှန်းထားသည်။

ယင်းသို့ မုတ်သုံလေ ဆုတ်ခွာနေစဉ် မြန်မာနိုင်ငံ အောက်ပိုင်းဒေသနှင့် ကမ်းရိုးတန်း ဒေသများတွင် မုတ်သုံအား လျော့နည်းသွားပြီး မိုးအား လျော့နည်းနိုင်သော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် မြောက်ပိုင်း ဒေသများတွင်မူ မုတ်သုံလေ ဆုတ်ခွာစဉ် မိုးအားများ တတ်ကြောင်း၊ ထို့ပြင် လေထု မတည်ငြိမ်မှုကြောင့် အားကောင်းသည့် မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်နိုင်ရာ ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သုံးသပ် ပြောဆိုသည်။

  • VIA