News

POST TYPE

ENVIRONMENT

ရန်ကုန်အပါအဝင် ဒေသအချို့ သင်္ကြန်ကြိုမိုးရွာမည်
31-Mar-2018

ရန်ကုန်၊ မတ် ၃၁

အနောက်ဘက်ကလာသည့် လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှ လာသည့် လေနွေးများစုဆုံမှုကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

လာမည့် သီတင်းပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

“သင်္ကြန်ကြိုမိုးတွေလည်း ရွာနိုင်ခြေ များပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

နောက်သုံးရက်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအများစုတွင် လေထု မတည်ငြိမ်မှုများခြင်းကြောင့် မိုးထစ်ချုန်းရွာနိုင်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယင်းမိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်းရွာကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်နိုင်သည့်အတွက် မိုးခြိမ်းသံ ကြားရပါက သတိပြုနေထိုင်သင့်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ဧပြီလအတွင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းတို့တွင် နေ့အပူချိန်များသည် ဖြစ်မြဲအောက်လျော့ကာ အပူပေါ့နိုင်ပြီး ကျန်ဒေသများတွင် နေ့အပူချိန်မှာ ပုံမှန်ခန့်သာရှိနိုင်သည့်အတွက် အပူချိန်လျော့နည်း၍ မိုးပိုနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ 

E-03