News

POST TYPE

ENVIRONMENT

တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်နှုန်းထား ဧပြီတွင် တိုးမည်
19-Mar-2018

ရန်ကုန်၊ မတ် ၁၈

တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်များ ထုတ်ပေးရာတွင် ကောက်ခံသည့် နှုန်းထားများကို ဧပြီလ ၁ ရက်နေ့မှစ၍ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်၊ ခြံမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း၊ မျိုးတိရစ္ဆာန် မှတ်ပုံတင်ခြင်း၊ အများပြည်သူစားသုံးရန် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသားစစ်ဆေးခြင်းများအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထောက်ခံချက်လက်မှတ်များ ထုတ်ပေးလျက်ရှိရာ ခေတ်ကာလနှင့်လျော်ညီသည့် နှုန်းထားများကို ပြောင်းလဲကောက်ခံရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခွင့်ပြုခဲ့သောကြောင့် ပြောင်းလဲကောက်ခံခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

ထို့ကြောင့် ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်များ ထုတ်ပေးရာတွင် ကြက်၊ ဘဲ (အကောင်ပေါက်) တစ်ကောင်လျှင် ယခင် ၁ ကျပ်မှ ၅ ကျပ်နှုန်း ၊ ကြက်၊ ဘဲ (အကောင်ကြီး) တစ်ကောင်လျှင် ယခင် ၂ ကျပ်မှ ၁၀ ကျပ်နှုန်း၊ ငုံး (အကောင်ပေါက်) တစ်ကောင်လျှင် ယခင် သုည ဒသမ ၂၅ ကျပ်မှ ၁ ကျပ်နှုန်း ၊ ငုံး (အကောင်ကြီး) တစ်ကောင်လျှင် ယခင် ၁ ကျပ်မှ ၂ ကျပ် နှုန်း၊ ကြက်ဥ၊ ဘဲဥတစ်လုံးလျှင် ယခင် သုည ဒသမ ၂၅ ကျပ်မှ ၁ ကျပ်နှုန်း၊ ငုံးဥတစ်လုံးလျှင် သုည ဒသမ ၂၅ ကျပ်နှုန်း ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

“နိုင်ငံခြားကမျိုးဝင်လာရင် တစ်ခါကောက်တယ်။ မျိုးခြံမှာ တစ်ခါကောက်တယ်။ နောက်ပြီး ကြက်ခြံမှတ်ပုံတင်တဲ့အခါ တစ်ကောင်တစ်ဆယ်ကျပ် ထပ်ကောက်တယ်။ ဥ, ဥတော့လည်း တစ်လုံးကို တစ်ကျပ်ကောက်တယ်။ ကြက်အရှင်သယ်ရင် တစ်ဆယ်ထပ်ကောက်တယ်။ ဘယ်နိုင်ငံမှလည်း မကောက်ဘူး။ ဒါတွေက မလိုအပ်ဘဲနဲ့ ကောက်နေတာ”ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ဝေဖန်ပြောကြားသည်။ 

ကြက်၊ ဘဲစတင်မွေးမြူချိန်မှ ဈေးကွက်ထဲရောက်ရှိချိန်အထိ ကောက်ခံခများ အဆင့်ဆင့်ပေးဆောင်နေရခြင်းအပြင် တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်များ ထုတ်ပေးရာတွင် အမှန်တကယ် ကျန်းမာကြောင်းစစ်ဆေးခြင်းမရှိဘဲ ကျန်းမာကြောင်းလက်မှတ် တန်းထုတ်ပေးခြင်းတို့ကြောင့် ပြောင်းလဲ မကောက်ခံသင့်ကြောင်း၊ မတ်လ ၂၀ ရက်နေ့တွင် မန္တလေးမြို့၌ မွေးမြူရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။ 

“ရုံးမှာထိုင်ပြီး စာရွက်တစ်ရွက် ကောက်ရေးတာ အဲဒါကို တစ်ဆယ်ပေးရမယ်၊ တစ်ကျပ်ပေးရမယ်ဆို အဆင်မပြေဘူးလေ။ ကျန်းမာကြောင်းထောက်ခံချက်က စစ်ဆေးမှကောက်သင့်တာ။ တကယ်စစ်ဆေးလို့ ကုန်ကျစရိတ်ရှိလို့ ကောက်တာမျိုးဆို မပြောပါဘူး။ ခြံမှတ်ပုံတင်တာပဲယူရင် တော်ပြီ။ ထွက်ကုန်တွေကို ကောက်စရာမလိုဘူး။ စည်ပင်ဆို လုပ်ငန်းလိုင်စင်လုပ်ရင် ငါးသောင်းပဲ။ အဲဒီလိုဖြစ်စေချင်တာ။ အကောင်ရေက သူနဲ့မဆိုင်ဘူးလေ”ဟု ဒေါက်တာကျော်ထင်က ဆက်လက်ပြောဆိုသည်။  

J-11

  • VIA