News

POST TYPE

ENVIRONMENT

လေထု မတည်ငြိမ်မှုကြောင့် ဒေသအချို့ မိုးထစ်ချုန်း ရွာမည်
10-Mar-2018

ရန်ကုန်၊ မတ် ၁၀ 

လေထု မတည်ငြိမ်မှုများကြောင့် မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများ အပါအဝင် ဒေသအချို့တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ 

နောက်သုံးရက်အတွင်း မြန်မာနိုင်ငံအောက်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် လေထုမတည်ငြိမ်မှုများ နေနိုင်သည့်အတွက် မိုးတိမ်တောင်ကြီးများ ရုတ်တရက်ဖြစ်ပေါ်ကာ မိုးထစ်ချုန်း ရွာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မိုးတိမ်တောင်များသည် မွန်းလွဲနှင့် ညနေပိုင်းတို့တွင် အားကောင်းလာပါက အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းတစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း ယင်းဌာနက သတိပေးထားသည်။

ထို့ပြင် မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာ ကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ တမီနာဒူးလ်ကမ်းရိုးတန်း တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

“လက်​ရှိ​ လေဖိအားနည်းရပ်ဝန်းက​တော့ ဆက်​လက်​ အား​ကောင်းလာနိုင်​​ခြေ နည်းပါတယ်​။ မတ်​လမှာ အရင်ကတော့ဖြစ်​တာ နည်းပါတယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။

နောက်နှစ်ရက်အတွင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။

E-03