News

POST TYPE

ENVIRONMENT

နေပြည်တော်အနီး ဗဟိုပြု၍ ငလျင်လှုပ်၊ စေတီနှင့် အဆောက်အအုံအချို့ ပျက်စီး
08-Mar-2018

ရန်ကုန်၊ မတ် ၈

အစိုးရရုံးစိုက်ရာ နေပြည်တော်အနီး အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ မတ်လ ၈ ရက်နေ့ နံနက် ၃ နာရီ ၄၃ မိနစ်ခန့်က အင်အားရစ်ခ်တာစကေး ၅ ဒသမ ၅ ဖြင့် အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ စေတီပုထိုးနှင့် လူနေ အဆောက်အအုံအချို့ ကွဲအက်ပျက်စီးမှုများ ရှိခဲ့သည်။ 

ထို့အပြင် နေပြည်တော် အပါအဝင် ယင်းအနီးတစ်ဝိုက်ဒေသမှ နေထိုင်သည့် ဒေသခံများအနေနှင့် ငလျင်ဒဏ်ကို သိသာစွာ ခံစားခဲ့ရသည်။ 

“တော်တော်လေးပြင်းတယ်။ အခန်းမှန်တွေဆို ခါယမ်းသွားတာ။ တချို့တိုက်တွေလည်း အက်ကုန်တယ်လို့ ကြားရတယ်”ဟု နေပြည်တော်ရှိ အထပ်မြင့် တိုက်ခန်း၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ ကျေးရွာနှင့် မအူပင်လေးကျေးရွာတို့မှ စေတီတော်အချို့ ပြိုကျခဲ့ကာ စိန်ဖူးတော် မြေခခဲ့သည့်အပြင် ရွှေနံသာရပ်ကွက်မှ ကျေးလက်ဆေးပေးခန်းတစ်ခုလည်း ပြိုကျပျက်စီးခဲ့သည်။

အဆိုပါငလျင်သည် စစ်ကိုင်းပြတ် ရွေ့အဆစ်အပိုင်းမှ လှုပ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရပြီး ဇောက်တိမ်ငလျင်ဖြစ်သည့်အတွက် ငလျင်ဒဏ်ကို သိသာခဲ့ခြင်းဖြစ်ကြောင်း မြေငလျင် ကျွမ်းကျင်ပညာရှင်များက သုံးသပ်ပြောကြားသည်။

ယင်းငလျင်သည် အနက် ၁၀ ကီလို မီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန မြေငလျင်ဌာနခွဲက သတင်း ထုတ်ပြန်သည်။

နေပြည်တော်အနီးဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်အပေါ် လေ့လာဆန်းစစ်ချက်အရ ဗဟိုချက်သည် စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက်သို့ အနည်းငယ် ရောက်ရှိနေသည်ကို တွေ့ရှိရသော်လည်း စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခြင်းဖြစ်နိုင်ကြောင်း၊ ယခုငလျင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ဖြူးငလျင်၏ ပြတ်ရွေ့များနှင့် ဆက်စပ်မှုမရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ပြောကြားသည်။ 

အင်းဝ- အမရပူရမှ နေပြည်တော်အပိုင်းသည် အင်အားပြင်း ငလျင်ကြီး မလှုပ်ခတ်သည်မှာ အချိန်ကာလ ကြာမြင့်နေသည့်အတွက် အင်အားပြင်း ငလျင်အန္တရာယ်ရှိပြီး အလားတူ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှ မြို့ကြီးများဖြစ်သည့် မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် ပဲခူးတို့သည်လည်း ငလျင်ကြီးအန္တရာယ်ရှိနေကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“စစ်ကိုင်းပြတ်ရွေ့ကနေ လှုပ်ခဲ့တယ်ဆိုရင် ဒီအပိုင်း အင်းဝလောက်ကနေ နေပြည်တော်ကြားအထိက စစ်ကိုင်းပြတ်ရွေ့အရှည်နဲ့စာလို့ရှိရင် အခုလှုပ်ခဲ့တဲ့ပြင်းအား 5 point 5 က နည်းနေသေးတယ်။ စစ်ကိုင်းပြတ်ရွေ့ကနေ ဒီထက်မက ကြီးကြီးလှုပ်နိုင်တဲ့ အလားအလာရှိတယ်”ဟု ဒေါက်တာမျိုးသန့်က ဆိုသည်။

ယခုနေပြည်တော်အပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်အပြီးတွင်လည်း နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

မြန်မာနိုင်ငံ၏အဓိကပြတ်ရွေ့ဖြစ် သည့် စစ်ကိုင်းပြတ်ရွေ့သည် ဘေးတိုက် ပြတ်ရွေ့ဖြစ်သဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်လှုပ်ခတ်ခဲ့ပါက အထက်အောက် လှုပ်ရှားမှုထက် ဘေးတိုက်လှုပ်ရှားမှုကို ပိုမိုခံစားရမည့်အပြင် ပို၍ထိခိုက်ပျက်စီးနိုင်ခြေများကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီက သတိပေးထားသည်။

အဆိုပါပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများအနေနှင့် အင်အားပြင်းထန် သော ငလျင်ကြီးများလှုပ်ခတ်ခဲ့ပါက ဘေး အန္တရာယ်ကြီးမားကြောင်း၊ ထို့ပြင် လူဦး ရေ ထူထပ်ပြီး အထပ်မြင့်တိုက်များ များပြား လှသည့် ရန်ကုန်မြို့ကို အဓိကခြိမ်းခြောက် နေသည်မှာ ပမာဏ ၇ အဆင့်ကျော် လှုပ် ခတ်နိုင်သည့် စစ်ကိုင်းပြတ်ရွေ့မှ ပဲခူး အဆစ်အပိုင်းနှင့် ပမာဏ ၆ ကျော် လှုပ် ခတ်နိုင်သည့် အနောက်တောင်ဘက်မှ ဒေးဒရဲပြတ်ရွေ့တို့ဖြစ်ကြောင်း ယင်း ကော်မတီထံမှ သိရသည်။

ယင်းကြောင့် မြို့ကြီးများအနေနှင့် ငလျင်ကြီးအန္တရာယ်ကြောင့် ထိခိုက်ပျက် စီးဆုံးရှုံးနိုင်ခြေ နည်းပါးရန်အတွက် အများပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများ၊ ဆေးရုံ၊ စာသင်ကျောင်းများနှင့် လူအများစု နေထိုင်သည့် အိမ်ရာ အဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ်တိုင်းတာသင့်ပြီး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ဘူမိဗေဒပညာရှင်များက သုံးသပ်ပြောဆိုသည်။

E-03