News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ နေ့အပူချိန် တိုးမည်
28-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ 

လာမည့်သီတင်းပတ်အတွင်း မြန်မာ နိုင်ငံတောင်ပိုင်းဒေသများအပါအဝင် ဒေသအချို့၌ နေ့အပူချိန်များသည် လက်ရှိထက်ပို၍တိုးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မတ်လ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှစတင်၍ မြစ်ဝကျွန်းပေါ်ဒေသများနှင့် အလယ်ပိုင်းဒေသများအထိ နေ့အပူချိန်များ လက်ရှိထက် ပိုမိုမြင့်တက်လာနိုင်ပြီး အပူဒဏ်ရှိလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ဖေ​ဖော်​ဝါရီလ ၂၇ ရက်​​နေ့တွင် ဒေသအလိုက်​ နေ့အပူချိန် ​အမြင့်ဆုံးမှာ ပြည်​မြို့တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ​တောင်​ငူမြို့ တွင် ၃၄ ဒသမ ၉ ဒီဂရီစင်တီဂရိတ်၊ ရန်​ကုန်​မြို့တွင် ၃၆ ဒသမ ၈ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်​မြို့တွင် ၃၆ ဒသမ ၇ ဒီဂရီစင်တီဂရိတ်၊ ​မော်​လမြိုင်​မြို့တွင် ၃၇ ဒီဂရီစင်တီဂရိတ်နှင့် ​ကော့​သောင်းမြို့တွင် ၃၅ ဒီဂရီ စင်​တီဂရိတ်​ဖြစ်သည်။ 

နေလမ်းကြောင်းတည့်မတ်ချိန် မတ်လ၊ ဧပြီလနှင့် မေလများသည် နေ့အပူချိန်များ မြင့်တက်ကာ ပူလာနိုင်ပြီး ရာသီဥတု ပိုမိုပူနွေးလာသည်နှင့်ပေါင်းကာ ပို၍ပူလာခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် နေလမ်းကြောင်း တည့်မတ်မှု အနီးဆုံးအချိန်ဖြစ်သည့် မတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက် နေ့ ကာလနောက်ပိုင်းမှစကာ ဒေသအလိုက် သိသာစွာ အပူချိန်များတိုး၍ ပူလာနိုင်ကြောင်း ဦးကျော်လွင်ဦးက ရှင်းပြပြောဆိုသည်။ 

“အခုနှစ်​ ​မေလမှာ မိုးပိုရွာနိုင်တာမျိုး​ တွေ့ရ​တော့ မုန်​တိုင်းဖြစ်​ပြီး မုတ်​သုံ​လေ စောဝင်​မလားဆိုတာ သတိ​တော့ ထားရမှာ​ပေါ့”ဟု ၎င်းကဆိုသည်။ 

မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လပထမ ၁၀ ရက်အတွက် ခန့်မှန်းချက် ထုတ်ပြန်သည်။ 

E-03