News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအချို့ နေရာကွက်၍ မိုးကြီးမည်
10-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁ဝ

အရှေ့ဘက်မှ ရွေ့လျားလာသည့် တိမ်တိုက်နှင့် လေပွေလှိုင်းများ အရှိန်ကြောင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ လေပွေလှိုင်းများ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးအား ပိုလာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း အဆိုပါဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား အသင့်အတင့် ရှိနေသည့်အပြင် တိမ်စွယ်တန်းများ ဖြတ်သန်း ဝင်ရောက်နေခြင်းကြောင့် ဒေသအချို့ နေရာ ကွက်၍ မိုးကြီးခဲ့ရာ မကွေးတိုင်းဒေသကြီးတွင် ၂ ဒသမ ဝ၁ လက်မ၊ မော်လိုက်မြို့တွင် ၁ ဒသမ ၆၁ လက်မ၊ ဂွမြို့တွင် ၁ ဒသမ ၄၆ လက်မ၊ ဇောင်းတူမြို့တွင် ၁ ဒသမ ၁၈ လက်မ၊ ဂန့်ဂေါမြို့တွင် သုည ဒသမ ၉၈ လက်မနှင့် ပဲခူးမြို့နှင့် ထားဝယ်မြို့တို့တွင် သုည ဒသမ ၉၄ လက်မ ရရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် မိုးလေဝသ အဖွဲ့ကြီးဖြစ်သည့် NOAA ၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၏ အထက်တွင် အားကောင်းသည့် မိုးတိမ်တောင် တစ်ခု ရွေ့လျားနေရာ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်များက သတိပေး ပြောကြားသည်။

  • VIA