News

POST TYPE

ENVIRONMENT

ခေါနူးစုမ် အမျိုးသား ဥယျာဉ်အတွင်း အမှိုက်ပုံးများ ထားရန်စီစဉ်
ကလေး၊ ဇန်နဝါရီ ၂၇

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရန်ရည်ရွယ်၍ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်းရှိ ခေါနူးစုမ် (ဝိတိုရိယတောင်) အမျိုးသားဥယျာဉ်အတွင်း အမှိုက်ပုံးများ ထားရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ခေါနူးစုမ်အမျိုးသား ဥယျာဉ်အတွင်း ကန်ပက်လက်- မင်းတပ် တောင်ပေါ်ကားလမ်း ၁၀ မိုင် လေးဖာလုံနေရာမှ စတင်၍ တောင်ထိပ်အထိ ခြေလျင်ဖြင့် တက်ရသည့်လမ်းတစ်လျှောက်၊ ခရီးသွားများ အများဆုံး ရပ်နားသည့် နေရာများ၊ ဝိတိုရိယတောင်ထိပ် ခရီးသွားများ နားနေသည့် ဇရပ်အနီး၊ တောင်ပေါ်စေတီအနီး၊ စေတီ၏တောင် ဘက်ဝက်သစ်ချတောအနီးနှင့် ထိုင်တော် မူရုပ်ပွားတော် တောင်တက်လမ်း၊ တောင်ထိပ် ထိုင်တော်မူ ရုပ်ပွားတော်အနီး စသည့်နေရာ စုစုပေါင်း ၁၀ နေရာတွင် အမှိုက်ပုံးအလုံး ၃၀ ခန့်ထားရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ် လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပသည့် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား၏ ဥယျာဉ်အတွင်း သန့်ရှင်းစေရန်မည်သို့ စီမံဆောင်ရွက်မည်ဟူသည့် မေးမြန်းမှုနှင့်ပတ်သက်ကာ ၎င်းက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှိုက်ပုံးအတွင်း စွန့်ပစ်ထားသည့် အမှိုက်များကို အလွယ်တကူ သိမ်းယူနိုင်ရန်အတွက်လည်း ပလတ်စတစ် အိတ်အကြည်များ ထည့်သွင်းပြီး အမှိုက်ပုံးအတွင်းမှ အမှိုက်များကို လိုက်လံသိမ်းဆည်းရန်နှင့် စွန့်ပစ်မည့်နေရာအထိ သယ်ယူရန်အတွက် ဆိုင်ကယ်သုံးစီးဖြင့် ဒေသခံ အလုပ်သမား သုံးဦးကိုလည်း နေ့စား လပေး ဝန်ထမ်းအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်က ဆက်လက် ပြောကြားသည်။ 

“လုပ်ရင်လည်း အဖြစ်သဘော မဟုတ်ဘဲနဲ့ ထိထိရောက်ရောက် လုပ်စေချင်တယ်”ဟု မင်းတပ်မြို့ရှိ ချို(ချင်း)လူမှု ဖွံ့ဖြိုးရေးအသင်းမှ ဆလိုင်းရှယ်အောင်ကဆိုသည်။

ခေါနူးစုမ်(ဝိတိုရိယတောင်) အမျိုးသား ဥယျာဉ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂၀၁၆ ခုနှစ်က ၁၉၉၇ ဦး ၊ ၂၀၁၅ ခုနှစ်အတွင်းက ၁၇၈၀ ဦးနှင့် ၂၀၁၄ ခုနှစ် အတွင်းက ၁၂၂၅ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း မင်းတပ်ခရိုင်၊ ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

R-20