News

POST TYPE

ENVIRONMENT

တစ်နိုင်ငံလုံး တိရစ္ဆာန်ကောင်ရေ စာရင်းစကောက်
25-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၂၄

တစ်နိုင်ငံလုံး တိရစ္ဆာန်အကောင်ရေစာရင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) အကူအညီရယူကာ စတင်ကောက်ယူလျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးရွာပေါင်း ၁၁၅၇၆ ရွာနှင့် ရပ်ကွက်ပေါင်း ၅၀၈ ရပ်ကွက်တွင် ဇန်နဝါရီလ ပထမပတ်က စတင်ကောက်ယူလျက်ရှိရာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းခန့် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် တစ်နိုင်ငံလုံး တိရစ္ဆာန်အကောင်ရေစာရင်းကို ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။ 

“ခွေးကိုတော့ ဒါပထမဦးဆုံး ထည့်ကောက်တာ။ စုစုပေါင်း ၇၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ဖေဖော်ဝါရီလဆန်းလောက်ဆို အကုန်ကောက်ပြီးမှာပါ။ အကောင်ရေစာရင်း ထုတ်ပြန်ပေးဖို့ကျ စာရင်းမှားတာတွေ ပြန်ပြင်ရမှာနဲ့ ပြန်သုံးသပ်ဖို့အတွက်လည်း FAO အကူအညီနဲ့ ပြည်ပကပညာရှင်တွေ ခေါ်ထားသေးတယ်။ တစ်နိုင်ငံလုံးစာရင်းကို ဒီဇင်ဘာလကုန်ပိုင်းလောက်မှ ထုတ်ပြန်နိုင်မှာပါ”ဟု ၎င်းက ပြောဆိုသည်။ 

တိရစ္ဆာန်အကောင်ရေစာရင်း ကောက်ယူရာတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ကြက်ဆင်၊ ဘဲငန်း၊ မန်ဒါလီ၊ မြင်း၊ ခွေး စသည့် တိရစ္ဆာန်အမျိုးအစားပေါင်း ၁၁ မျိုးကို ကောက်ယူခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး တိရစ္ဆာန်အကောင်ရေစာရင်းမကောက်ယူမီ ရှေ့ပြေးတိရစ္ဆာန်စာရင်းကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းက သုံးကြိမ်ကောက်ယူထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

“တစ်နိုင်ငံလုံး တိရစ္ဆာန်စာရင်းကို ၁၉၉၄ ခုနှစ်ကပဲ နောက်ဆုံးကောက်ခဲ့တာ။ အခု ဒါက ပထမဦးဆုံးအကြိမ် ထပ်ကောက်တာ။ တစ်နိုင်ငံလုံးဆိုပေမယ့် ကျွန်တော်တို့ အာဏာသက်ရောက်မှုမရှိတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ မိုင်းလားဒေသတွေမှာ မကောက်ယူနိုင်ပါဘူး”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဆက်လက်ပြောဆိုသည်။

J-11