News

POST TYPE

ENVIRONMENT

အနောက်မြောက်လေအေးကြောင့် ဒေသအချို့ အအေးပို
24-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံ အနောက်ဘက် အိမ်နီးချင်းနိုင်ငံများတွင် အအေးလှိုင်းဖြတ်နေပြီး အနောက်မြောက်လေအေးများ တိုးဝင်လာခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယခုရက်ပိုင်း၌ အအေးဓာတ် ပိုနေရခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ ယခုရက်ပိုင်းအတွင်း သိသာစွာ အအေးပိုနေသည့်အပြင် ကျန်ဒေသများတွင်လည်း တိမ်ထူထပ်မှု နည်းသည့်အတွက် အအေး ပိုနေရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“လာမယ့်နှစ်ရက်၊ သုံးရက်အတွင်းတော့ အနောက်မြောက်လေစိုးမိုးမှုတွေ ဆက်ရှိနေနိုင်ပြီး လက်ရှိ အအေးဓာတ်တော့ ရှိနေနိုင်ပါတယ်”ဟု ဦးကျော်လွင်ဦးကဆိုသည်။ 

ဒေသအလိုက် လက်ရှိ အအေး ပိုနေမှုသည် ဆက်လက် ရှိနိုင်သော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းနှင့် တောင်ဘက်စွန်းဒေသများတွင် မိုးအနည်းငယ် ရွာနိုင်ကြောင်း၊ ထို့ပြင် ရာသီသဘာဝအရ လာမည့်ဖေဖော်ဝါရီလအတွင်းမှစ၍ ည အပူချိန်များ ပြန်တိုးလာကာ အအေးလျော့သွားနိုင်ပြီး နေ့အပူချိန်များ မြင့်တက်လာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ယင်းသို့ အအေးပိုနေရာတွင် နေပြည်တော်တွင် ၁၃ ဒီဂရီ စင်တီဂရိတ်၊ ရန်ကုန်တွင် ၁၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတွင် ၁၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်၊ ဟားခါးတွင် သုညဒီဂရီ၊ တောင်ကြီးတွင် ၆ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ ညောင်ရွှေတွင် ၅ ဒသမ ၂ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်တွင် ၅ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ သံတွဲတွင် ၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ်နှင့် ထားဝယ်တွင် ၂၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်တို့ရှိကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့ တိုင်းတာချက်များအရ သိရသည်။

E-03