News

POST TYPE

ENVIRONMENT

ဖြူးမြို့ဗဟိုပြု ငလျင်အနီးတစ်ဝိုက် ဆည်များ ထိခိုက်ပျက်ဆီးမှုမရှိ
12-Jan-2018
တောင်ငူ၊ ဇန်နဝါရီ ၁၂ 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အနောက်တောင်ဘက် ၁၇ မိုင်အကွာ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၆ အဆင့်ရှိသည့် ငလျင်ဒဏ်ကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ဆည် ၇ ခု ထိခိုက်ပျက်ဆီးမှုမရှိကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက ယနေ့ ထုတ်ပြန်သည်။

“တောင်ငူမှာလှုပ်တာ အိမ်က ဆင့်တန်းတွေပါ အသံမြည်ပြီး ခါယမ်းသွားတယ်။ ဆက်တိုက် သုံးခါလှုပ်ပေမဲ့ နောက်ပိုင်း အင်အားပျော့သွားတယ်”ဟု တောင်ငူဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ (၁၂) ရက်နေ့၊ မနက် ၁ နာရီခန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၁၀၇) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး တောင်ငူ၊ ဖြူး၊ ရန်ကုန်၊ နေပြည်တော်နှင့် ပုသိမ်မြို့များမှ ငလျင်ဒဏ်ကို ခံစားခဲ့ရခြင်းဖြစ်သည်။ 

အဆိုပါ ငလျင်ဒဏ်နှင့်အနီးတစ်ဝိုက် နေရာရှိ ဇောင်းတူ၊ ရဲနွယ်၊ ကွန်းချောင်း၊ ခပေါင်း၊ ရွှေကျင်၊ ဖြူးချောင်း၊ သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ တမံများ၊ ရေယူအဆောက်အဦများ၊ Switchyard များနှင့် ဝန်ထမ်းအိမ်ယာနှင့် ဆက်စပ်အဆောက်အဦးများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု ယိုယွင်းမှု မရှိပါကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြူးဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် ပြီးခဲ့သည့် ၄၂ နှစ်ခန့်က ရစ် ခ် တာစကေး ၅ ဒသမ ၂ အပြီး ယခု လှုပ်ခတ်မှုသည့် အများဆုံးဖြစ်ကာ စစ်ကိုင်းပြတ်ရွေ့ကျော်တွင့် ပဲခူး၊ ဖြူး၊တောင်ငူတို့ပါ ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အချက်အလက်များအရ သိရှိရသည်။ 

လူမှူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနက ဒီနေ့ မနက်ပိုင်းအထိအပျက်အစီး အထိခိုက်မရှိဟူသောသတင်းများသာ လက်ခံရရှိထားကြောင်း ပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်ပြီးနောက် ဖြူးမြို့အနီး ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၅ ဒဿမ ၃ အဆင့်မှ ၄ဒဿမ ၃ အဆင့်ရှိ ငလျင် ငါးကြိမ်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်များ သတိထားရန် မြေငလျင် ကော်မတီက ထုတ်ပြန်ထားသည်။

R-15


  • VIA