News

POST TYPE

ENVIRONMENT

၂၀၁၈ နှစ်ဦးကာလ အချိန်အခါမဟုတ် မိုးရွာနိုင်
31-Dec-2017 tagged as


ရန်ကုန်၊ ဒီဇင်ဘာ ၃၁

လေထု မတည်ငြိမ်မှုများနှင့် တိမ်ဖြစ်ထွန်းမှုများနေခြင်းတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နောက်သုံးရက်အတွင်း အချိန်အခါမဟုတ် မိုးများရွာနိုင်ပြီး ဒေသအလိုက် မိုးများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း အဆိုပါဖြစ်စဉ်များကြောင့် ဒေသအချို့တွင် နေရာကွက် ကျားမိုး အနည်းငယ် ရွာလျက်ရှိသည့်အပြင် လာမည့် ဇန်နဝါရီလ ၃ ရက်နေ့အတွင်း၌ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါဒေသများတွင် သုံးရက်အတွင်း မိုးရေချိန် စုစုပေါင်း အများဆုံး သုံးလက်မခန့်အထိ မိုးရွာနိုင်ပြီး ကျန်ဒေသများတွင် မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းသို့ အချိန်အခါမဟုတ် မိုးများရွာနိုင်သည့်အတွက် တောင်သူလယ်သမားများနှင့် စီးပွားရေး လုပ်ငန်းများအနေနှင့် ကြိုတင် သတိပြုပြင်ဆင်ရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်များက သတိပေးပြောဆိုသည်။ 

“ဇန်နဝါရီ ၅ ရက်နောက်ပိုင်းတော့ မိုးမရွာနိုင်၊ တိမ်ဖြစ်ထွန်းတာ နည်းသွားမှာမို့လို့ အအေး ပြန်ပိုလာနိုင်တယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။ 

နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။ 

E-03

  • TAGS