News

POST TYPE

ENVIRONMENT

လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ မိုးကြီးမည်
05-Sep-2016 tagged as မိုးလေဝသ

ရန်ကုန်၊ စက်တင်ဘာ ၅

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိ အားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

အဆိုပါ လေဖိအား နည်းရပ်ဝန်း အရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေပြီး ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသများတွင်လည်း နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း ၎င်းကပြောဆိုသည်။

“လေဖိအားနည်း ရပ်ဝန်းကတော့ အား မကောင်းနိုင်ဘူး။ တစ်ရက်၊ နှစ်ရက် နေရင် အိန္ဒိယဘက်ကို ဝင်သွားမယ်”ဟု ဒေါက်တာ ကျော်မိုးဦးက ဆိုသည်။

မြစ်ဝကျွန်းပေါ် ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက် လေပြင်းကျစဉ် လေပြင်း တိုက်ခတ်မှု တစ်နာရီ မိုင် ၄ဝ အထိ ရှိနိုင်ရာ ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေယာဉ်များသည် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာလမှ အောက်တိုဘာလသည် တတိယ ရေကြီးကာလ ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ လေပွေလှိုင်းများ ရွေ့လျားလာခြင်းတို့ကြောင့် မိုးရွာသွန်းမှု များနိုင်သည့်အပြင် လာနီညာရာသီဥတု ကြောင့်လည်း မိုးများနိုင်သည့်အတွက် ရေကြီးရေလျှံမှု အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။