News

POST TYPE

ENVIRONMENT

ရန်ကုန်မြို့ လေထုအရည်အသွေး အစီရင်ခံစာ ရှေ့လတွင် ထုတ်ပြန်မည်
27-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ရန်ကုန်မြို့တော်၏ လေထုအရည်အသွေးကို တိုင်းတာမှုများ မပြီးသေးသောကြောင့် လာမည့်ဇန်နဝါရီလအတွင်းမှသာ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။

“လစဉ်တိုင်းတာရရှိတဲ့ Report တွေရှိပေမယ့် လေထုအရည်အသွေး ညစ်ညမ်းအဆင့် တိုင်းတာတွေက ဇန်နဝါရီလထဲမှာ ပြီးမယ်။ အဲ့အခါကျမှ အားလုံးသိရမှာပေါ့”ဟု ၎င်းက ပြောဆိုသည်။

လေအရည်အသွေးဆိုင်ရာ အညွှန်းပြကိန်းအရ လေထုညစ်ညမ်းစေသည့် နိုက်ထရိုဂျင်၊ ဆာလဖာဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင်အောက်ဆိုက် ဓာတ်ငွေ့ ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော စံချိန်စံညွှန်းထက် မြင့်တက်နေကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ဆက်လက်ပြောဆိုသည်။

“အရည်အသွေးညံ့တဲ့ လောင်စာဆီသုံးစွဲလို့ ထွက်လာတဲ့မီးခိုးငွေ့နဲ့ စက်ရုံတွေက ထုတ်လွှတ်တဲ့ဓာတ်ငွေ့တွေ အဓိကပါတယ်။ ကြည့်မြင်တိုင်ကတော့ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးပဲ။ လေထုအရည်အသွေးညံ့ရင် အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာနိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းအနေနှင့် လေထုအရည်အသွေး တိုင်းတာမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာလနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  စက်မှုလုပ်ငန်းများ အခြေပြုထားသည့် လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာဒုံစက်မှုဇုန်အပါအဝင် ယာဉ်ကြောထူထပ်သော ဆူးလေလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံနှင့် တာမွေမြို့နယ် အပါအဝင် နေရာကိုးခုတွင် စမ်းသပ်တိုင်းတာခဲ့ခြင်း ဖြစ်သည်။

“တိုင်းနေတုန်းပါပဲ။ WHO ရဲ့ ၂၀၁၇ လေထုညစ်ညမ်းမှုအဆင့်တောင် လောလောဆယ် မသိရသေးဘူး။ ဇန်နဝါရီ အကုန်လောက်မှအဖြေထွက်မယ်”ဟု ရန်ကုန်မြို့တော်၏ လေထုအရည်အသွေး တိုင်းတာမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းဌာန၊ လက်ထောက်ဌာနမှူး ဒေါက်တာ အောင်မြင့်မော်ကလည်း ပြောကြားသည်။

ထို့သို့အရည်အသွေး ညစ်ညမ်းသည့်လေကို ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်လေပြွန်သို့ တိုက်ရိုက်တွယ်ကပ်ကာ လေပြွန်ရောင်ရမ်း၍ အဆုတ်ရောဂါကို အဓိကဖြစ်ပေါ်စေကြောင်း ရောဂါဗေဒဆိုင်ရာ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာခြင်း လုပ်ငန်းကို တစ်နေရာလျှင် ၈ နာရီခန့် အနိမ့်ဆုံးတိုင်းတာစစ်ဆေးရပြီး ရလဒ်အပြောင်းအလဲ ရှိ၊ မရှိ အကြိမ်ကြိမ် စစ်ဆေးပြီးမှသာ အတည်ပြုဆုံးဖြတ်ရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာနထံမှ သိရသည်။

J-17


  • VIA