News

POST TYPE

ENVIRONMENT

ထမံသီ ဘေးမဲ့တောတွင် အင်းကျားများကျက်စား
21-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးရှိ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း အလိုအလျောက်ရိုက်ကူးသည့် ကင်မရာထောင်ချောက်များဖြင့် ရက်ပေါင်း ၉၀ အကြာ သုတေသနပြုလုပ်ခဲ့ရာတွင် ၁၀ဝ စတုရန်းကီလိုမီတာ (100 km2 ) လျှင် အင်းကျားတစ်ကောင်မှ သုံးကောင်အထိ ကျက်စားနေထိုင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ 

၂၀၁၄-၂၀၁၅ ခုနှစ်၌ အဆိုပါ ဘေးမဲ့တော၏ အနောက်ဘက်ခြမ်းဧရိယာနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဘေးမဲ့တော၏ အရှေ့ဘက်ခြမ်းဧရိယာတို့ကို ကင်မရာထောက်ချောက် အလုံး ၁၆၀ ဖြင့် သုတေသနပြုလုပ်ခဲ့ရာတွင် ယင်းသို့တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ 

ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ အကျယ်အဝန်းမှာ ၂၁၅၁ စတုရန်း ကီလိုမီတာရှိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ 

“အဓိကကတော့ အင်းကျားက မျိုးသုဉ်းပျောက်ကွယ်ဖို့ စိုးရိမ်နေရတယ်”ဟု စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

အင်းကျား လေ့လာရေးလုပ်ငန်းကို သစ်တောဦးစီးဌာန၊ အောက်စဖို့၌ တက္ကသိုလ်၏ ဇီဝဗေဒဌာနလက်အောက်ရှိ Wildlife Conservation Research Unit (WildCRU) နှင့်အတူ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) တို့က ပူးပေါင်းသုတေသနပြုနေခြင်း ဖြစ်သည်။ 

အင်းကျား (ခေါ်) သစ်တက်ကျား (Clouded Leopard) ကို မြန်မာနိုင်ငံ၏ အနည်းဆုံး ၁၅ နေရာတွင် တွေ့ရှိရတတ်ကြောင်း စီမံကိန်း သုတေသနမှတ်တမ်းများအရ သိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ ပင်ဖာဖာကျေးရွာနှင့် နတ်နန်းကျေးရွာအနီးတွင် အင်းကျားပေါက် တစ်ကောင်ကို ဒေသခံများက တွေ့ရှိဖမ်းဆီးခဲ့ပြီး သစ်တောဦးစီးဌာနသို့ အပ်နှံခဲ့သည်။

“ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောက သဘာဝ တောတောင်ရေမြေ ဘယ်လောက်ကောင်းမွန်သလဲ ဆိုတာကို အင်းကျားရဲ့ နေထိုင်ကျက်စားမှု၊ ဦးရေတိုးပွားလာမှုကို ကြည့်ပြီး ပြောလို့ရပါတယ်။ ဒါကြောင့် အင်းကျားကို လေ့လာရခြင်း ဖြစ်ပါတယ်”ဟု သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) မှ အင်းကျား သုတေသနပြုပညာရှင် ဦးလှနိုင်က ပြောဆိုသည်။

အင်းကျားသည် မြန်မာနိုင်ငံတွင် ကျားနှင့်ကျားသစ်တို့ပြီးပါက အရေးကြီးကာ ထူးခြားသည့် ကြောင်မျိုးစိတ် တစ်မျိုးလည်းဖြစ်ကြောင်း၊ ယခုအခါ တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ကျားကောင်ရေ လျော့နည်းကျဆင်းလာရာ၌ နောက်ပိုင်းတွင် တရားမဝင်ဈေးကွက်၌ ကျားမရှိတော့ပါက ကျားသစ်နှင့် အင်းကျားအထိ ဦးတည်လာနိုင်ပြီး သတ်ဖြတ်ခံရကာ မျိုးသုဉ်းရန် ခြိမ်းခြောက်လာနိုင်ကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။ 


  • VIA