News

POST TYPE

ENVIRONMENT

ဆောင်းမုတ်သုံလေ အားကောင်း၍ ဒေသအချို့ အအေးပို
20-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ဆောင်းရာသီအား အကောင်းဆုံးအချိန်ဖြစ်နေပြီး ဆောင်းမုတ်သုံလေ အားကောင်းနေသည့်အတွက် ကုန်းမြင့်တောင်တန်းဒေသများနှင့် ဒေသအချို့တွင် အအေး ပိုနေခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ယင်းအခြေအနေကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း ညအပူချိန်များ ကျဆင်းခြင်းနှင့် ဂဏန်းတစ်လုံးတည်း ညအပူချိန်သို့ရောက်ရှိကာ အအေး ပိုနေရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် လာမည့်ဒီဇင်​ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၅၈ မိနစ်ခန့်သည် မြန်​မာနိုင်​ငံ အပါအဝင်​ ​မြောက်​ကမ္ဘာခြမ်းအနေနှင့် ​နေလမ်းကြောင်း တည့်မတ်မှုနှင့် အ​ဝေးဆုံး အချိန်​ကာလဖြစ်သည့်အတွက် အ​အေးဆုံး အချိန်​ကာလဖြစ်​နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

အဆိုပါ ဆောင်းမုတ်သုံလေ အားကောင်းနေမှုကြောင့် ရန်ကုန် အပါအဝင် မြို့ကြီးအချို့တွင်လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့ ည၌ ညအပူချိန်များ ကျဆင်းကာ လေပြင်းများ တိုက်ခတ်ပြီး ယခင်နှစ်များနှင့်မတူ အအေးပိုခဲ့သည်။ 

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ခြောက်နာရီခွဲအချိန် တိုင်းထွာချက်များအရ ရန်ကုန်မြို့တော်၏ အပူချိန်မှာ ၁၇ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိနေပြီး ယမန်နေ့ကထက် ၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ကျဆင်းခဲ့သည်။

အလားတူ ဒီဇင်​ဘာလ ၂၀ ရက်​နေ့ တိုင်းထွာချက်များအရ ညအပူချိန်များမှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန်အောက် ၅ ဒီဂရီစင်တီဂရိတ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန်တို့အောက်၂ ဒီဂရီ စင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှ အပူချိန်ခန့်သာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ထူးခြားသည့် ညအပူချိန်များမှာ နမ့်စန်မြို့တွင် ၂ ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုး မြို့တွင် ၃ ဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့နှင့် ဟားခါးမြို့တို့တွင် ၅ ဒီဂရီစင်တီဂရိတ်စီနှင့် သီပေါမြို့၊ ကျိုင်းတုံမြို့နှင့် မိုင်းယမ်းမြို့တို့တွင် ၆ ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်သည်။

ယင်းသို့ ဆောင်းမုတ်သုံ အားကောင်းသည့်အတွက် အရှေ့လေပြင်းများ တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ လှိုင်းကြီးနိုင်ကြောင်း၊ နောက်ရက် အနည်းငယ်တွင်မူ တောင်တရုတ်ပင်လယ်ပြင်တွင် ဗီယက်နမ်ကမ်းခြေဘက်သို့ ရွေ့လျားလာနိုင်သည့် မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ယခုကဲ့သို့ အအေးပိုနေမည့် အခြေအနေ မရှိနိုင်ဘဲ  အအေး လျော့နည်းသွားနိုင်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ခန့်မှန်းပြောဆိုသည်။

ဆောင်းလေအေးများ တိုးဝင်နေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

ထို့ပြင် လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့်လည်း ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ ကျဆင်းကာ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများအဖြစ် များနိုင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

E-03

  • VIA