News

POST TYPE

ENVIRONMENT

ဇနီးဖြစ်သူ အိမ်ပေါ်က ဆင်းသွားသဖြင့် သေတမ်းစာရေးကာ ကြိုးဆွဲချ အဆုံးစီရင်
17-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကုန်းတလပေါင်ကျေးရွာရှိ အဆောင်လိုင်းခန်းတစ်ခုတွင် ဒီဇင်ဘာလ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဇနီးဖြစ်သူနေအိမ်ပေါ်က ဆင်းသွားသဖြင့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေတမ်းစာ ရေးကာ ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အမျိုးသား၏ ဇနီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးသည် ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်ကနေ အိမ်ရှေ့၌ အိမ်နီးချင်း အမျိုးသားတစ်ဦးနှင့်အတူ Facebook ကြည့်နေသည့် ကိစ္စနှင့်ပတ်သက်၍ လင်မယားချင်း စကားများ ရန်ဖြစ်သဖြင့် နေအိမ်မှ ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် ခင်ပွန်းဖြစ်သူ ကြိုးဆွဲချ သေဆုံးနေသည်ကို အိမ်နီးချင်းများက ဖုန်းဆက်သဖြင့် သွားရောက် စစ်ဆေးကြည့်ရှုရာ အနီးရှိ ကတ္တူစက္ကူပေါ်တွင် သေတမ်းစာ ရေးသားထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူတို့နေတဲ့ အိမ်က အဆောင်လိုင်းခန်းတစ်ခုပါ၊ သေဆုံးသူရဲ့ အမျိုးသမီးက စက်ရုံမှာ အလုပ်လုပ်တယ်။ လင်မယားချင်း စကားများ ရန်ဖြစ်ရာက ကြိုးဆွဲချ အဆုံးစီရင်သွားတာ။ လည်ပင်းကြိုးပွန်းဒဏ်ရာကလွဲလို့ တခြားပြင်ပ ဒဏ်ရာ မတွေ့ရပါဘူး၊ ရုပ်အလောင်းကို အင်းစိန်ဆေးရုံ ပို့ထားတယ်။ ထောက်ကြန့်နယ်မြေ ရဲစခန်းမှာ သေမှုသေခင်းနဲ့ ဖွင့်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

သေဆုံးသူ ကိုကျော်ဇင်ဝင်း၏ သေတမ်းစာတွင် “လူသားတိုင်း မလွန်ဆန်နိုင်တော့တာ၊ ကံကြမ္မာသဘော၊ ကံတရားကိုပဲ အပြစ်တင်တော့မယ်၊ နောက်ထပ် ဘဝများ ရှိခဲ့ရင်လည်း ပြန်ဆုံချင်ပါတယ်”ဟု ကတ်ထူစက္ကူပေါ်၌ လည်းကောင်း၊ ငါတို့ နောက်ဘဝမှပဲ ဖြူဖြူစင်စင်နဲ့ ပြန်တွေ့ကြမယ်။ မောင် စောင့်နေမယ်မရယ်”ဟု စာသားကို အဖြူရောင် စာအိတ်ပေါ်၌လည်းကောင်း ရေးသားထားကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ သေမှုသေခင်း ၂၆ မျိုးတွင် ကြိုးဆွဲချ အဆုံးစီရင်သူ ပေါင်း ၁၆၁ ဦးရှိပြီး အဆိပ်သောက် သေဆုံးသူ ၃၂ ဦး၊ မိမိကိုယ်ကိုယ် ဓားနှင့်ထိုး သေဆုံးသူ ၃ ဦးရှိကြောင်း၊ ယင်းသေမှုသေခင်း ၂၆ မျိုးတွင် အများဆုံးမှာ ရေနစ်သေဆုံးမှုဖြစ်ပြီး ၂၇၉ ဦးရှိကြောင်း၊ ဒုတိယ အများဆုံးမှာ ရောဂါကြောင့် သေဆုံးမှုဖြစ်ပြီး လူဦးရေ ၂၅၇ ဦး ရှိကြောင်း၊ တတိယ အများဆုံးမှာ အရက် အမူးလွန် သေဆုံးမှုဖြစ်ပြီး ၁၆၉ ဦး ရှိကြောင်း၊ ကြိုးဆွဲချ အဆုံးစီရင်မှုမှာ ၁၆၁ ဦးဖြင့် စတုတ္ထနေရာတွင်ရှိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

J-16


  • VIA