News

POST TYPE

ENVIRONMENT

မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်ကြောင့် အထက်ပိုင်းဒေသများ မိုးဆက်ရွာမည်
10-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်း အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းနှင့်ဆက်စပ်သည့် တိမ်တိုက်စုများကြောင့် နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးအနည်းငယ် ဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ 

ယင်းကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးအနည်းငယ်ရွာနိုင်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်း၌ ညအပူချိန်များ လျော့နည်းကာ အအေး ပြန်ပိုလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။ 

ယင်းသို့ အချိန်အခါမဟုတ် မိုးများနိုင်သည့်အတွက် သီးနှံစိုက်ခင်းများ ပျက်စီးနိုင်ခြင်း၊ တောင်ကျချောင်းရေ ကျဆင်းခြင်း၊ မြေပြိုခြင်း စသည့် အန္တရာယ်တို့ရှိနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်များက သတိပေးပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းခဲ့သည့် မုန်တိုင်းငယ်သည် အားလျော့ကျသွားကာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လေဖိ အားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ယင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

  • VIA