News

POST TYPE

ENVIRONMENT

ရန်ကုန်တိုင်းတွင် ဒီဇင်ဘာလ၌ အနည်းငယ် အအေးပိုမည်
05-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန် တိုင်းဒေသကြီးတွင် ဒီဇင်ဘာလ ၈ ရက်မှ ၁၀ အရက်အထိ နေရာကွက်ကြား မိုးအနည်းငယ် ရွာသွန်းနိုင်ကာ တစ်လတာ တိုင်းတာချက်အရ ပျမ်းမျှ အပူချိန်အောက် ၂ ဒီဂရီစင်တီခန့် လျော့နည်းပြီး အအေးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာပဲ အပူချိန်က တစ်နေရာနဲ့တစ်နေရာ မတူဘူး။ ဒီဇင်ဘာလက ပုံမှန်ဆို အအေးက စဝင်နေပြီ။ လေဖိအားနည်းရပ်ဝန်းရှိလို့ ရှေ့ရက်ပိုင်းထဲမှာ အအေးပေါ့တာ။တစ်လလုံးအတွက်ကတော့ အအေး အနည်းငယ် ပိုမယ်။ တစ်ခါတစ်ရံ ၂ ဒီဂရီ စင်တီဂရိတ် အထက်လည်း ဖြစ်နိုင်တယ်”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ချုပ် ဦးကျော်မိုးဦးက ဆိုသည်။

လက်ရှိ အာရေဗျ ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသည့် ဆိုင်ကလုန်း OCHKI အရှိန်ကြောင့် ချင်း၊ ရှမ်း၊ ရခိုင်ဒေသ၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်ဒေသ အချို့တွင် ကွက်ကျားမိုးရွာနိုင်ပြီး အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေကို ဝင်ရောက်ပါက မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ပျမ်းမျှ ရက်သုံးဆယ်နဲ့တွက်ရင် ပုံမှန် အပူချိန်တိုင်းပဲ ရှိမယ်။ သုံးလစာ ကြို ခန့်မှန်းတွက်ချက်ထားပေမယ့်လည်း သုံးရက်၊ လေးရက်ဆိုရင်ပဲ အခြေအနေတစ်မျိုး ပြောင်းလဲနိုင်တဲ့အတွက် တိကျတဲ့အဖြေကို ပြန်သုံးသပ်ရတယ်”ဟု ၎င်းက ဆိုသည်။

မုန်တိုင်း OCHKI သည် မြောက် အရှေ့စူးစူးအရပ်ကို ဦးတည် ရွေ့လျားနေပြီး မွန်ဘိုင်းမြို့၏အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းအပြင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၏ လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်ဖြစ်ပေါ်နေပြီး တဖြည်းဖြည်း ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်ထားသည်။

ဒီဇင်ဘာလ ၅ ရက်၊ မွန်းလွဲ ၂ နာရီ၌ တိုင်းထွာချက်အရ ညအပူချိန်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက် ခန့်မှန်းချက်အရ တနင်္သာရီတိုင်းတွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရွာနှုန်း ၈၀ ဖြစ်ကြောင်း၊ နောက် နှစ်ရက်အတွက် ခန့်မှန်းချက်အရ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်တို့တွင် မိုး အနည်းငယ် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

လက်ရှိ ဆိုက်ကလုံးမုန်တိုင်း OCHKI သည် အာရေဗျ ပင်လယ်တွင် နိုဝင်ဘာ လကုန်ကတည်းက တိုက်ခတ်နေခြင်းဖြစ်သည်။

J-06

  • VIA