News

POST TYPE

ENVIRONMENT

မန္တလေးရှိ မိုးလေဝသရေဒါ စမ်းသပ်လည်ပတ်
03-Dec-2017

မန္တလေး၊ ဒီဇင်ဘာ ၃

စဥ့်ကိုင်မြို့နယ်အတွင်း တည်ဆောက်ထားသည့် မိုးလေဝသ ရေဒါကို နိုဝင်ဘာ လလယ်ပိုင်းကစ၍ စမ်းသပ် လည်ပတ်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန အထက်မြန်မာပြည် (မန္တလေးရုံးခွဲ)ထံမှ သိရသည်။

ယင်မိုးလေဝသရေဒါကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် ၂၀၁၆ ခုနှစ် မေလအတွင်းက စတင်လုပ်ဆောင်နေခြင်းဖြစ်ရာ အဆောက်အအုံပိုင်းနှင့် စက်တပ်ဆင်သည့်အပိုင်းများ ပြီးစီးသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် မိုးလေဝသရေဒါကို အသုံးပြုကြမည့် မိုးဇလ ဝန်ထမ်းများကို စက်ကိုင်တွယ် အသုံးပြုပုံများ သင်ကြားပေးနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည် (မန္တလေးရုံးခွဲ) လက်ထောက် ညွန်ကြားရေးမှူး ဦးသန်းဇော်က ပြောကြားသည်။

မိုးလေဝသ ခန့်မှန်းရေးမှူးများကို  စက်ပစ္စည်းအသုံးပြုပုံ၊ ရေဒါပုံရိပ်များကို  ခန့်မှန်းတွက်ချက်ပုံများကို အင်ဂျင်နီယာ များနှင့် ဂျပန်ပညာရှင်များက သင်ကြားပေးခြင်းဖြစ်ပြီး ဇန်နဝါရီလအတွင်း စမ်းသပ်တွေ့ရှိချက်များကို စစ်ဆေးမည်ဖြစ်ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် JICA မှနေ၍ မြန်မာနိုင်ငံ အစိုးရထံ လွှဲပြောင်းပေးမည်ကြောင်း ၎င်းကရှင်းပြသည်။

JICA အနေနှင့် မိုးလေဝသ ရေဒါများကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တို့တွင် ရေဒါတစ်လုံးစီ တည်ဆောက်ပေးထားရာ အဆိုပါ ရေဒါစခန်း သုံးခုအတွက် အမေရိကန် ဒေါ်လာ ၃၈ သန်းကျော် တန်ဖိုးရှိကြောင်း၊ ကျောက်ဖြူမြို့ရှိ ရေဒါစခန်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် ရန်ကုန်မြို့ရှိ ရေဒါစခန်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း လေကြောင်း မိုးလေဝသ ခန့်မှန်းရေးရုံး (မန္တလေး) ၏ မှတ်တမ်းများအရ သိရသည်။

မိုးလေဝသရေဒါများ အသုံးပြုလာနိုင်ပြီဆိုပါက မိုင် ၃၀ဝ ပတ်ဝန်းကျင်၏ ရာသီဥတု အခြေအနေကို ခန့်မှန်း ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် မိုးလေဝသ အခြေအနေများကို အကြမ်းဖျင်း ကြေညာနိုင်ခဲ့ရာမှ ပိုမိုတိကျစွာ ကြေညာပေးနိုင်မည်ဖြစ်ကြောင်း လေကြောင်း မိုးလေဝသ ခန့်မှန်းရေးရုံး (မန္တလေး) ဦးစီးအရာရှိ ဦးကျော်စိုးမိုးခိုင်က ပြောကြားသည်။

M-05

  • VIA