News

POST TYPE

ENVIRONMENT

မုန်တိုင်း ရေဒါ အသုံးပြုနည်း သင်တန်း ဂျပန်ပညာရှင်မှ လာရောက် သင်ကြားမည်
01-Sep-2016

မုန်တိုင်း ရေဒါ အသုံးပြုနည်း သင်တန်း ဂျပန်ပညာရှင်မှ လာရောက် သင်ကြားမည်
ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်မြို့ ကမ္ဘာအေး မိုးလေဝသ စခန်းတွင် တပ်ဆင်ထားသည့် မုန်တိုင်းရေဒါနှင့် တိုင်းတာ အသုံးပြုနည်း သင်တန်းကို ဂျပန်ပညာရှင် ခုနစ်ဦး က လာရောက် သင်ကြားရမည်ဖြစ်ကြောင်း ရန်ကုန် ရေဒါစခန်း အင်ဂျင်နီယာမှူးကြီး ဦးရဲထွဋ်က ပြောကြားသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်မည် အဆိုပါ သင်တန်းသို့ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ အင်ဂျင်နီယာ ၃၇ ဦး တက်ရောက်မည်ဖြစ်သည်။

“ရန်ကုန်ရေဒါ စခန်းရဲ့ အဆောက်အအုံပိုင်းက ရာနှုန်းပြည့် ပြီးစီးသွားပါပြီ၊ အခု တပ်ဆင်ထားတဲ့ ရေဒါ အမျိုးအစားက အဆင့်မြင့်ပါတယ်၊ ဒါကြောင့် အင်ဂျင်နီယာပိုင်း ကဏ္ဍာကို ပညာရှင်တွေက အရင် သင်တန်းပေးမယ်၊ လက်လွှတ်လို့ရတဲ့ ၂ နှစ်လောက်အထိ  ပူးပေါင်း လုပ်ဆောင်ပေးမှာပါ”ဟု ၎င်းက ပြောကြားသည်။

မုန်တိုင်းတိုင်းတာရေး ရေဒါစခန်းများကို ကျောက်ဖြူ၊ ကမ္ဘာအေးနှင့် မန္တလေးတို့တွင် တပ်ဆင်ပေးရန် ဂျပန်နိုင်ငံ JICA ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ထောက်ပံ့ ကူညီပေးခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းရေဒါစက် သုံးလုံး အပါအဝင် အလိုအလျောက် မိုးရေချိန်တိုင်း ကိရိယာအလုံး ၃ဝ အတွက် ဒေါ်လာ သန်း ၄ဝ ကျော် ကုန်ကျခဲ့ကြောင်း မိုး/ဇလ ဌာနထံမှ သိရှိရသည်။

ရန်ကုန်ရှိ မုန်တိုင်းရေဒါ စခန်းကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် စတင် တည်ဆောက်ခဲ့ကြောင်း ယင်းမုန်တိုင်း ရေဒါမှာ ဂျပန်နိုင်ငံ (JRC ) Japan Radi Commette မှထုတ်လုပ်သည့် Doppler (S Band) အမျိုးအစား ဖြစ်ပြီး  မိုးလေဝသ သတင်းအချက်များနှင့် မုန်တိုင်း ဖြစ်ပေါ်လာမှု အခြေအနေများကို ကီလိုမီတာ ၄၅ဝ ပတ်လည်အတွင်း တွက်ချက် ပေးပို့နိုင်ကြောင်း  မိုး/ဇလ ဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် မုန်တိုင်း ရေဒါကို ကျောက်ဖြူတွင် ၂ဝ၁၅ ခုနှစ်  စက်တင်ဘာလတွင် ပထမဆုံး အသုံးပြုခဲ့ပြီး ကျောက်ဖြူရေဒါစခန်းမှ တိုင်းတာ ရရှိသော သတင်းအချက်များကို အချိန်နဲ့ တစ်ပြေးညီ မိုး/ဇလ ရုံးချုပ်သို့ ပေးပို့လျက် ရှိသည်။

  • VIA