News

POST TYPE

ENVIRONMENT

မျိုးသုဉ်းရန်အန္တရာယ်ရှိ မျက်ခုံးဖြူမျောက်လွှဲကျော် ထိန်းသိမ်းရေးနယ်မြေ သတ်မှတ်မည်
17-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၁၆

မြန်မာအပါအဝင် နိုင်ငံသုံးနိုင်ငံ၌သာ ကျက်စားနေထိုင်လေ့ရှိပြီး မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် မြန်မာ့အနောက်ပိုင်း မျက်ခုံးဖြူမျောက်လွှဲကျော် ထိန်းသိမ်းရေးအတွက် သဘာဝနယ်မြေ သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။

ယင်းသို့ မျောက်လွှဲကျော်ထိန်းသိမ်းရေး သဘာဝနယ်မြေ သတ်မှတ်နိုင်ရန်အတွက် ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး နယ်မြေ အတည်ပြု သတ်မှတ်နိုင်ရန် ကြိုတင်လေ့လာနေကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ သတ်မှတ်မည့်ဧရိယာ အကျယ်အဝန်းသည် ဧက သုံးသောင်းကျော်ရှိပြီး တည်နေရာမှာ မကွေး တိုင်းဒေသကြီး၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ကျရောက်နေပြီး အမ်းတောင်ကြား လမ်းမြောက်ဘက်ရှိ မန်းကြိုးဝိုင်းအတွင်းမှ ရေဝေရေလဲ ဧရိယာဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြတ်သစ်ခိုင်က ရှင်းပြသည်။

“ဒီမျက်ခုံးဖြူမျောက်လွှဲကျော်က မျိုးသုဉ်း ပျောက်ကွယ်နိုင်တယ်။ ကောင်ရေကလည်း နည်းနည်းပဲ ရှိတော့တယ်ဆိုတော့ မထိန်းသိမ်းရင် ပျောက်ကွယ်ကုန်မယ်”ဟု ၎င်းက ဆိုသည်။

မျောက်လွှဲကျော် လက်ဖြူ၊ အရှေ့ဘက်နေ မျက်ခုံးဖြူ မျောက်လွှဲကျော်နှင့် အနောက်ဘက်နေ မျက်ခုံးဖြူ မျောက်လွှဲကျော်ဟူ၍ မျောက်လွှဲကျော် မျိုးစိတ်သုံးမျိုးရှိပြီး အနောက်ဘက်နေ မျောက်လွှဲကျော်ကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင်တွေ့ရှိရပြီး အရှေ့ဘက်နေ မျောက်လွှဲကျော်ကို အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံတို့တွင် တွေ့ရကြောင်း၊ ယင်းမျောက်လွှဲကျော် မျိုးစိတ်နှစ်ခုသည် အဓိကအားဖြင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် တွေ့ရှိရကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ)၏ မှတ်တမ်းများအရ သိရသည်။ 

အပြည်ပြည်ဆိုင်ရာတောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များအဖွဲ့ (FFI) တို့သည် ၂၀၁၂ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်အထိ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ပေါက်စတောင်နှင့် ဆက်စပ်လျက်ရှိသည့် ရခိုင်ရိုးမ၌ ဒေသခံ အခြေပြု မျောက်လွှဲကျော် ထိန်းသိမ်းရေးကို လုပ်ဆောင်လျက်ရှိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

ယင်းစီမံကိန်း ဧရိယာအတွင်း မျောက်လွှဲကျော်အုပ်စု အနည်းဆုံး ငါးစုခန့်ရှိနေပြီး မန်းကြိုးဝိုင်းအတွင်း၌ အနောက်ပိုင်း မျက်ခုံးဖြူ မျောက်လွှဲကျော်နှင့် ဇီဝ မျိုးစုံ မျိုးကွဲများ အဓိကရှိရာ ဧရိယာများကို ကျေးရွာခြောက်ရွာမှ ဒေသခံများနှင့်အတူ သတ်မှတ်၍ ပူးပေါင်းထိန်းသိမ်းလျက်ရှိကြောင်း၊ အဆိုပါ ပေါက်စတောင်နှင့် ဆက်စပ်လျက်ရှိသည့် ရခိုင်ရိုးမတောင်တန်းများ၌ ဒေသခံအခြေပြု မျောက်လွှဲကျော် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက်၍ တိုးချဲ့ လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

E-03

  • VIA