News

POST TYPE

ENVIRONMENT

ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်၊ ဒေသအချို့ မိုးများမည်
08-Nov-2017 tagged as မိုးလေဝသ

ရန်ကုန်၊ နိုဝင်ဘာ ၈

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် နောက်သုံးရက်အတွင်း မုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်ရာ ယင်းအရှိန်ကြောင့် ဒေသအချို့တွင် မိုးများမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ 

နိုဝင်ဘာလ၏ အထက်လေထုစီးကြောင်းများ၏ အခြေအနေအရ အနောက်လေများ စိုးမိုးနေသည်ကို တွေ့ရပြီး အထက်လေထုစီးကြောင်းများ၏ သက်ရောက်မှုကြောင့် မုန်တိုင်း ရွေ့လျားဦးတည်ရာ လမ်းကြောင်းများ ပြောင်းလဲတတ်ကြောင်း၊ ယင်းကြောင့် လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကို သတိထားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော မလေးကျွန်းဆွယ်အနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း နိုဝင်ဘာလ ၈ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။ 

ယင်းသို့ မုန်တိုင်း ဖြစ်လာနိုင်သည့် အရှိန်ကြောင့် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုးရွာနိုင်ခြေများပြီး ကမ်းရိုးတန်းဒေသများနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးများနိုင်ကာ စုစုပေါင်း တစ်ပတ်အတွင်း မိုးရေချိန် လေးလက်မမှ ခြောက်လက်မအတွင်း ရွာနိုင်ဖွယ်ရှိကြောင်း ဦးကျော်လွင်ဦးက ခန့်မှန်းပြောကြားသည်။

“ဆောင်းရာသီ အား​ကောင်းနေတဲ့ အ​ခြေအ​နေကို ဆန့်ကျင်​တဲ့​မုန်​တိုင်း ဖြစ်​လာဖို့ အချိန်​ယူ အားပျိုး​နေတဲ့ပုံစံ​ တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအရှိန်ကြောင့် မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ရာ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်မှာ ခြောက်ပေမှ ကိုးပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တို့တွင် သုံးပေမှ ငါးပေခန့် ရှိနိုင်ကြောင်း၊ နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

E-03