News

POST TYPE

ENVIRONMENT

မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်ကြောင့် ဒေသအချို့ မိုးထစ်ချုန်းရွာမည်
05-Nov-2017 tagged as မိုးလေဝသ


ရန်ကုန်၊ နိုဝင်ဘာ ၅

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း ဒန်မရီ (Damrey)သည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်သော်လည်း ယင်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားလာနိုင်သည့်အရှိန်ကြောင့် ဒေသအချို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“တိုင်ဖွန်း Damrey က ကုန်းတွင်း မုန်​တိုင်းငယ်​အဖြစ်​​နဲ့ ထိုင်းပင်​လယ်​​ကွေ့ဘက်​ကို ​ရွေ့လျား​နေတယ်​။ ကပ္ပလီ ပင်​လယ်​ပြင်​ဘက်​ကို ဆက်​လက်​​ ရွေ့လျားပြီး ပြန်​လည်​ အားပျိုးလာနိုင်ခြေ များတယ်”ဟု ၎င်းကဆိုသည်။

ယင်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှအပ ကျန်ဒေသများ၌ နိုဝင်ဘာလ ၁၀ ရက်နေ့အတွင်း မိုးထစ်ချုန်း ရွာနိုင်ဖွယ်ရှိကြောင်း ဦးကျော်လွင်ဦးက ခန့်မှန်း ပြောဆိုသည်။

တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်ရာ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ခြောက်ပေမှ ကိုးပေခန့်နှင့် ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် သုံးပေမှ ငါးပေခန့်အထိ ရှိနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

လက်ရှိတွင် ဟိမဝန္တာလေအေးများ တိုးဝင်နေခြင်းကြောင့် ကချင်ပြည်နယ် အပါအဝင် ဒေသအချို့တွင် ညအပူချိန်များ ကျဆင်းပြီး ဆောင်းရာသီ ပီပြင်မှုရှိနေရာတွင် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ မြန်မာ့လေထုအတွင်း ဝင်ရောက်လာနိုင်ခြင်းကြောင့် အအေးပေါ့သွားနိုင်ကာ တိမ်ဖြစ်ထွန်းမှုနှင့် မိုးရွာသွန်းမှု ရှိလာနိုင်ကြောင်း ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သုံးသပ် ပြောဆိုသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှ အပူချိန်အောက် ငါးဒီဂရီ စင်တီဂရိတ်မှ ခြောက်ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန် တို့အောက် သုံးဒီဂရီ စင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်အထိ၊ မကွေး တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှ အပူချိန်တို့အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့သည်။

ထူးခြားသည့် ည အပူချိန်များမှာ ဟဲဟိုးမြို့တွင် ခုနစ်ဒီဂရီစင်တီဂရိတ်နှင့် နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့တွင် ရှစ်ဒီဂရီ စင်တီဂရိတ်စီတို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာလ ၅ ရက်နေ့ တိုင်းထွာချက်များအရ သိရသည်။

E-03