News

POST TYPE

ENVIRONMENT

လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှု အမြင့်ဆုံးဖြစ်နေကြောင်း UN သတိပေး
31-Oct-2017


နယူးယောက်၊ အောက်တိုဘာ ၃၀

လေထုထဲတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏမှာ အမြင့်ဆုံး ပမာဏသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့ပြီး ပါရီသဘာဝ ပတ်ဝန်းကျင် သဘောတူညီချက်၏ ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ကြစေချင်ကြောင်း သတိပေး ပြောကြားလိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏသည် ၂၀၁၆ တွင် အမြင့်ဆုံးနှုန်းဖြင့် တက်ခဲ့ရာ နှစ်ပေါင်းရှစ်သိန်းအတွင်း အမြင့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ထားသည်။

လေထုထဲရှိ ကာဗွန်ပမာဏသည် ၂၀၁၅ ခုနှစ်တွင် ၄၀ဝ ppm ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၄၀၃ ဒသမ ၃ ppm ရှိသွားခဲ့ပြီဟု ဆိုသည်။

ယင်းသို့ အမြန်ဆုံးနှုန်းဖြင့် တက်လာရခြင်းမှာ လူသားများ၏ ပြုလုပ်မှုများကြောင့်လည်းကောင်း၊ အားကောင်းသော အယ်နီညိုကြောင့်လည်းကောင်း ဖြစ်သည်ဟု မိုးလေဝသအဖွဲ့ကြီးက သုံးသပ်ထားသည်။ 

၁၇၅၀ ခုနှစ် စက်မှုတော်လှန်ရေး နောက်ပိုင်းတွင် လေထုထဲတွင် အန္တရာယ်ရှိသော ဓာတ်ငွေ့များ အမြင့်ဆုံးနှုန်းသို့ တက်လာခြင်းဖြစ်သည်ဟု ထောက်ပြထားသေးသည်။ 

ဂရင်းလန်နှင့် အန္တာတိကဒေသများတွင် လွှတ်တင်ထားသော လေပူဖောင်းများတွင် ပါဝင်သော ကိရိယာများဖြင့် တိုင်းတာထားသည့်ရလဒ်များကို ထုတ်ပြန်ခြင်းဖြစ်ရာ ကိန်းဂဏန်းများမှာ ယုံကြည်ဖွယ်ရာ ဖြစ်သည်ဟု ဆိုထားသည်။

ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာတိုင်းတာပြီး လွန်ခဲ့သည့်နှစ်ပေါင်း သိန်းပေါင်း များစွာက ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပမာဏကို မှန်းဆတွက်ချက်ခြင်း ဖြစ်သည်။ 

စိုးရိမ်ရသော အဆိုပါ အခြေအနေကို တားမြစ်ရန်အတွက် မျှော်လင့်ချက် ရှိပါကြောင်း၊ သို့သော် ယင်းသို့ လုပ်ဆောင်ရန် အချိန်သည် ယနေ့ပင်ဖြစ်ပါကြောင်း မိုးလေဝသ အဖွဲ့ချုပ် အကြီးအကဲပတ်တာ ရီတာလက်စ်က ပြောကြားခဲ့သည်။

ပါရီသဘောတူညီချက်မှ အမေရိကန် ပြည်ထောင်စု ထွက်ခွာရန် သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်ခဲ့ပြီးနောက် သဘာဝ ပတ်ဝန်းကျင်အရေးအတွက် ရေရှည်သဘောတူညီမှု ရရှိရေး စိုးရိမ်ရမှုများ ရှိလာသည်။

လာမည့်သတင်းပတ်တွင် ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် သဘာဝ ပတ်ဝန်းကျင်အရေး ညီလာခံပြုလုပ်ရန်ရှိသည်။ 

F-02

  • VIA