News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ မိုးအားပိုမည်
04-Oct-2017 tagged as မိုးလေဝသ

ရန်ကုန်၊ အောက်တိုဘာ ၎

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၌ မိုးအားပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ယင်းသို့ မုတ်သုံအားကောင်းနေသည့်အပြင် တိမ်တိုက်စုနှင့် လေပွေလှိုင်းများ အရှိန်ကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် မိုးအားပိုလာနိုင်ကြောင်း၊ လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း မဖြစ်သေးသော်လည်း လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောဆိုသည်။

“လေဖိအားနည်းရပ်ဝန်းဖြစ်ဖို့က လေလှည့်ပတ်​မှု​တော့ ရှိတယ်​။ တချို့ သင်္ချာပုံစံပြု​ မော်​ဒယ်​​တွေမှာ ​တွေ့ရပြီး တချို့မတွေ့ရဘူး။ စောင့်ကြည့်ရဦးမယ်​။ တစ်​ရက်​နှစ်​ရက်​”ဟု ဒေါက်တာကျော် မိုးဦးက ဆိုသည်။

ထို့ပြင် လက်ရှိကာလသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ မုတ်သုံလေ ဆုတ်ခွာနေသည်ဖြစ်ရာ အားကောင်းသည့် မိုးတိမ်တောင်ကြီးများကြောင့် ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသည်းထန်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သုံးသပ်ပြောကြားသည်။

“လေထု မတည်​ငြိမ်​မှုများ​နေချိန်​ဖြစ်​လို့ မွန်းလွဲ၊ ည​နေပိုင်းနဲ့ ညပိုင်းတို့မှာ အား​ကောင်းတဲ့ မိုးတိမ်​​တောင်​ကြီး​တွေ ဆက်​လက်​ ဖြစ်​​ပေါ်နေနိုင်​ပါတယ်​။ ​နေရာ ကွက်​ပြီး မိုးကြီးတာ၊ ရုတ်​တရက်​​လေပြင်း တိုက်​ခတ်​တာ​တွေကို သတိပြုသင့်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ ညသန်းခေါင်က အားကောင်းသည့် မိုးတိမ်တောင်များ ဖြတ်သန်းခဲ့သည့် အရှိန်ကြောင့် ရန်ကုန် တိုင်းဒေသကြီးနှင့် ဒေသအချို့တွင် နေရာကွက်၍ မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ 

နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။၏

E-03