News

POST TYPE

ENVIRONMENT

ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်း ကျနိုင်
17-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၁၇

ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည့်အပြင် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ ရွေ့လျားလာသည့် အရှိန်ကြောင့် ဒေသအလိုက်မိုးကြီးပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း ကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လေပွေလှိုင်းများနှင့် တိမ်တိုက်စုများ အရှိန်ကြောင့် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်း ဒေသများတွင်လည်း မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ပေမယ့် မုန်တိုင်းငယ်အဆင့်အထိ ရောက်ဖို့တော့ သိပ်အားမကောင်းဘူး”ဟု ဒေါက်တာ ကျော်မိုးဦးက ဆိုသည်။

မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

အလားတူ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့်ရှစ်ပေမှ ၁၁ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လေးပေမှ ခုနစ်ပေခန့် ရှိနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

ထို့ပြင် ဖျာပုံကမ်းနီးရေလုပ်ငန်း လုပ်ကွက်၏ အနောက်ဘက်တွင်ဖြစ်ပေါ်လျက်ရှိသည့် လေပွေလှိုင်းအရှိန်ကြောင့် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ မြင့်တက်လာနိုင်ပြီး လှိုင်းအမြင့်မှာလည်း ၁၀ ပေ မှ ၁၅ ပေခန့်အထိ ရှိလာကြောင်း၊ ယင်းကြောင့် မြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်သားများအနေနှင့် လေပြင်းအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသဆိုင်ရာ လေ့လာသုံးသပ်နေသည့် ပညာရှင်များက သတိပေးပြောဆိုသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၆ ရက်နေ့က မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းသည့်အရှိန်ကြောင့် ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ 

  • VIA