News

POST TYPE

ENVIRONMENT

မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်ကြောင့် ဒေသအလိုက် မိုးကြီးမည်
14-Sep-2017 tagged as မိုးလေဝသ

ရန်ကုန်၊ စက်တင်ဘာ ၁၄

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် အပူပိုင်းမုန်တိုင်း(Doksuri)၏ အကြွင်းအကျန် တိမ်တိုက်များ အရှိန်ကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းသည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ကြောင်း ယင်းဌာနက ခန့်မှန်းထားသည်။

ယင်းမုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် မကွေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် မိုးရရှိနိုင်သော်လည်း စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ ဝန်းကျင်တွင် ဇလွန်၊ ငသိုင်းချောင်း၊ ဆိပ်သာနှင့် ဟင်္သာတ အစရှိသည့် မြို့များတွင် မြစ်ရေစိုးရိမ်ရေမှတ်နားသို့ ပြန်လည် ရောက်ရှိလာနိုင်သည်ကို အထူး သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးချစ်ကျော်က ပြောဆိုသည်။ 

“ရှမ်းပြည်နယ်ကို သူ့ရဲအကြွင်းအကျန် တိမ်စတွေက မိုးပေးပါလိမ့်မယ်။ သတိပြုဖို့က ရုတ်တရက် မိုးများ ရေလျှံဘေးပဲ”ဟု ၎င်းက ဆိုသည်။

ယင်းကာလအတွင်း လေပြင်းများ တိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ရာ ကုန်းမြင့်ဒေသများတွင် မြေပြိုမှုအန္တရာယ်နှင့် မြစ်ချောင်းများအနီးတွင် နေထိုင်သူများအနေဖြင့် မြစ်ရေ ရုတ်တရက် မြင့်တက်လာကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

E-03