News

POST TYPE

ENVIRONMENT

ဒီရေတောများ ထိန်းသိမ်းရေး အမေရိကန် ဒေါ်လာနှစ်သန်းသုံးမည်

ရန်ကုန်၊ စက်တင်ဘာ ၎

ထင်းလောင်စာအဖြစ်အသုံးပြုရန် အလွန်အကျွံ ခုတ်ယူမှုများကြောင့် ပြုန်းတီးမှု မြင့်မားနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ ဒီရေတောများကို ထိန်းသိမ်းရေးအတွက် အမေရိကန် ဒေါ်လာနှစ်သန်း အသုံးပြုမည်ဖြစ်ကြောင်း World View International Foundation (WIF) အဖွဲ့ စီမံကိန်းမန်နေဂျာ ဦးဝင်းမောင်က ပြောကြားသည်။

အဆိုပါစီမံကိန်းကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာရေးထိုး၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြုန်းတီးနေသည့် ဒီရေတောများကို ပြန်လည်ထူထောင်၊ ထိန်းသိမ်းရေးအတွက် ရည်ရွယ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“ရှိနေတဲ့ ဒီရေတော ဧရိယာတွေကို ပြန်ထိန်းပြီးတော့ စိုက်ပျိုးဖို့ပါ။ နောက်ထပ်လည်း နေရာသစ်တွေ တိုးချဲ့ဖို့ရှိတယ်”ဟု ဦးဝင်းမောင်က ဆိုသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင်  ဒီရေတောကြိုးဝိုင်း ဧရိယာပေါင်း ၆၂၅,၂၂၂ ဧကရှိသော်လည်း ယခုအခါ ပုစွန်ကန်များနှင့် လယ်ယာမြေများစသည့် အခြားမြေအဖြစ် ပြောင်းလဲ အသုံးချခြင်းကြောင့် ဒီရေတော ဧရိယာဧက နှစ်သိန်းကျော်သာ ကျန်ရှိတော့ကြောင်း သစ်တောဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီး၊ ရွှေသောင်ယံတွင် ဧကတစ်ထောင်ကျော်နှင့် ပြင်ဒရယ်ကြိုးဝိုင်းတွင် ဧက ၅၀ ကို ယခုနှစ်အတွင်း စိုက်ပျိုးလျက်ရှိကြောင်း ဦးဝင်းမောင်က ရှင်းပြသည်။ 

ကမ်းရိုးတန်းဒေသ ကျေးရွာများတွင် ဒီရေတောများ အလွန်အကျွံ ခုတ်ယူခြင်းမပြုရန် အသိပညာပေးခြင်းနှင့် ပြုန်းတီးနေသည့်နေရာများတွင် ပြန်လည် အစားထိုး စိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း ယင်းအဖွဲ့၏ စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ဒီရေတောများကို ထင်း၊ လောင်စာ လိုအပ်ချက်အရ ခုတ်ယူမှုများသည့်အပြင် လယ်မြေနှင့် ပုစွန်ကန်များအဖြစ် ပြောင်းလဲ အသုံးချခြင်းတို့ကြောင့် ပြုန်းတီးမှု ပမာဏများ နေရခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်ပြောဆိုသည်။

အလားတူ ရခိုင်ပြည်နယ်ရှိ ဒီရေတောများ ထိန်းသိမ်းရေးအတွက် ဒိန်းမတ်နိုင်ငံက အမေရိကန် ဒေါ်လာငါးသန်း အကူအညီပေးမည်ဖြစ်ပြီး စီမံကိန်းကာလမှာ ငါးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်မှာ လက်ရှိအချိန်ထိ လျှပ်စစ်မီး ရရှိခြင်း မရှိသည့်အတွက် ထင်းလောင်စာကိုသာ အဓိက အားထား အသုံးပြုနေရခြင်းဖြစ်ကြောင်း၊ ဒေသခံများ၏ ထင်းသုံးစွဲမှု လျှော့ချနိုင်ရန်အတွက်ကိုမူ နည်းလမ်း ရှာဖွေပေးရန် လိုအပ်ကြောင်း သစ်တောပညာရှင်များက ပြောကြားသည်။

ဒီရေတောများသည် မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီးတွင် ၃၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄၆ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၁၇ ရာခိုင်နှုန်း ပေါက်ရောက်လေ့ရှိပြီး ဟက်တာ ပေါင်း ၅ သိန်းကျော်ရှိကြောင်း သုတေသန မှတ်တမ်းများအရ သိရသည်။

E-03