POST TYPE

ENVIRONMENT

ကမ်းရိုးတန်းဒေသများထိန်းသိမ်းရေး သုံးနှစ်စီမံကိန်းဖြင့်ဆောင်ရွက်ရန် MoU ရေးထိုး
25-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၄

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများတွင် ရေရှည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း သုံးနှစ်စီမံကိန်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို Istituto Oikos အဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။

ယင်းဒေသတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ မြှင့်တင်ပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းမှတစ်ဆင့် ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် ယိုယွင်းပျက်စီးလာသည့် ဒေသများတွင် ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းကို ထောက်ပံ့နိုင်ရန် ရည်ရွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအောက်မှ Women, Environment and Community Forests for Food Security in Rakhine စီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲ မြို့နယ်တို့တွင် သုံးနှစ်ကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်း ရန်ပုံငွေမှာ ယူရိုငွေ ၁,၅၁၅,၂၇၀ ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

စီမံကိန်းတွင် ဒေသခံ အသေးစားလုပ်ငန်းများကို ထောက်ပံ့ခြင်း၊ ဈေးကွက်လေ့လာခြင်း၊ အစုအဖွဲ့ပိုင် သစ်တော စိုက်ပျိုးသူများကို စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ အစုအဖွဲ့ပိုင် သစ်တောခုနစ်ခု ထပ်မံတည်ထောင်ခြင်း အပါအဝင် အမျိုးသမီးများ ရပိုင်ခွင့်နှင့် စပ်လျဉ်း၍ ပညာပေးခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း Istituto Oikos အဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ဧက တစ်သောင်းလေးထောင်ခန့်ကို Istituto Oikos အဖွဲ့၏ ရန်ပုံငွေဖြင့် စိုက်ပျိုးမည်ဖြစ်ကြောင်း ရခိုင်ကမ်းရိုးတန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ကြည်က ပြောကြားသည်။

Istituto Oikos မှာ အီတလီနိုင်ငံ မီလန်မြို့ အခြေစိုက်ဖြစ်ပြီး ဥရောပ၊ တောင်အမေရိက၊ အာဖရိကနှင့် အာရှတိုက်တို့ရှိ နိုင်ငံများ၌ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေး လုပ်ဆောင်နေကြောင်း ယင်းအဖွဲ့ အစည်းထံမှ သိရသည်။

  • VIA