News

POST TYPE

ENVIRONMENT

ရှားပါးမျိုးသုဉ်းလာသည့်အတွက် တမလန်းသစ်ကို CITES စာရင်းသွင်းရန်စီစဉ်
25-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၄

တရားမဝင် ခုတ်ယူမှုများလာခြင်းကြောင့် ရှားပါးမျိုးသုဉ်းလာသည့် တမလန်းသစ်ကို အပြည်ပြည်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုအဆင့် (CITES) စာရင်းသွင်းရန် စီစဉ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း တရားမဝင် သစ်ခုတ်ယူမှုများ၌ ကျွန်းနှင့် သစ်မာအပါအဝင် တမလန်းသည်လည်း အများစု ပါဝင်နေရာ ယခုအခါ ရှားပါးလာပြီး မျိုးသုဉ်း ပျောက်ကွယ်သွားနိုင်သည့်အတွက် တမလန်းကို CITES စာရင်းသွင်းရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။ 

"CITES ပါမစ်ရှိမှ nternational Trade မှာ ရောင်းဝယ်လို့ရမယ်။ nternational ပိုင်းကလည်း မြန်မာနိုင်ငံက ထွက်တဲ့ တမလန်းသစ်တွေနဲ့ ပတ်သက်ပြီး ရောင်းဝယ် ဖောက်ကားတာကို ပိုပြီးတင်းကြပ်ပေးမယ်ပေါ့"  ဟု ၎င်းကဆိုသည်။

CITES ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ခုဖြစ်သည့် 'မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်း တိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗန်းရှင်း' ဖြစ်ပြီး ရှားပါး မျိုးသုဉ်းတော့မည့်အန္တရာယ် ကျရောက်နေသည့် တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များနှင့် ယင်းတို့၏ အစိတ်အပိုင်းကို အလွန်အကျွံ ရောင်းဝယ်နေမှုကို နိုင်ငံတကာ ပြဿနာတစ်ရပ်အနေနှင့် အဖွဲ့ဝင်နိုင်ငံများက ပူးပေါင်း ထိန်းချုပ်ကာကွယ်ရန်ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

ယခုအခါ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၅ နိုင်ငံအထိ ရှိလာပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကွန်ဗင်းရှင်း အတွင်းရေးမှူးချုပ် ရုံးစိုက်ကာ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် CITES ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ 
ယင်းသို့ စာရင်းဝင်အဖြစ်သတ် မှတ်နိုင်ရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်နေပြီး အဆိုပြုလွှာ တင်သွင်းရမည့် လုပ်ငန်းစဉ်များ ကျန်ရှိနေသေးကြောင်း၊ CITES စာရင်းဝင်ဖြစ်သွားပါက တရားမဝင်ခိုး ထုတ်နေမှုများကို ထိန်းချုပ် ကန့်သတ်နိုင်မည်ဖြစ်ပြီး ဝယ်ယူသည့် နိုင်ငံကိုလည်း သတိပေးခြင်း၊ အရေးယူခြင်းနှင့် ထိန်းချုပ်ကန့်သတ်ခြင်းတို့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဦးမျိုးမင်းက ရှင်းပြပြောဆိုသည်။

တမလန်းသစ်သည် IUCN ၏ Red List စာရင်းတွင် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိ စာရင်းသွင်းထားပြီးဖြစ်ကာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချမှု အများဆုံးရှိနေသည့် အတွက်လည်း ရှားပါးလာနေရာ ကာကွယ် ထိန်းသိမ်းရန် လိုအပ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်ပြောဆိုသည်။

  • VIA