POST TYPE
ENVIRONMENT
မုတ်သုံလေအားကောင်း၍ ဒေသအချို့ နေရာကွက်မိုးကြီးမည်
28-Aug-2017
ရန်ကုန်၊ ဩဂုတ် ၂၈
ဘင်္ဂလားပင်လယ်အော်တွင် လေထု မငြိမ်မသက်မှုများနှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
မြစ်ဝကျွန်းပေါ် ဒေသနှင့် မွန်- တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် မုတ်သုံလေ ဆက်လက် အားကောင်းလာနိုင်သည့်အတွက် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် တစ်လက်မအထက်ရွာရန် အလားအလာ များကြောင်း ၎င်းက ပြောဆိုသည်။
“အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်ကို ဆက်လက် ရွေ့လျားရင်း အာရေဗျပင်လယ်ရောက်မှ မုန်တိုင်းငယ် ဖြစ်နိုင်ခြေရှိမှာပါ”ဟု ဦးကျော်လွင်ဦးက ဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့ တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ယင်းအရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ရာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် လှိုင်းအမြင့် ၇ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။
E-03
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019