News

POST TYPE

ENVIRONMENT

စည်းကမ်းပျက် ဆန်စက်များကို အလွယ်တကူ သက်တမ်းတိုးပေးနေသဖြင့် ပြည်သူများ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ဟုဆို
ပုသိမ်၊ သြဂုတ် ၁၉

ဆန်စပါး အဓိက စိုက်ပျိုးထုတ်လုပ်သော ဧရာဝတီတိုင်းတွင် စည်းကမ်းပျက် ဆန်စက်များကို အလွယ်တကူ သက်တမ်း တိုးပေးနေသဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံနေရကြောင်း  ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောကြားသည်။

သြဂုတ် ၁၇ ရက်က ကျင်းပသော  ဧရာဝတီ တိုင်းဒေသကြီး  လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီးရှိ ဆန်စက်များကို လုပ်ငန်းလိုင်စင်သက်တမ်း တိုးပေးရာတွင် အများပြည်သူ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းအောင် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုသည့်မေးခွန်းကို မေးမြန်းစဉ် ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းရှိ  ဒေသများတွင် ဆန်စက်များကို ကြီးငယ်အလိုက် တည်ထောင် လုပ်ကိုင်နေကြပြီး ဆန်စက်များ၏ အဓိက လောင်စာစွမ်းအင်မှ စပါးခွံကိုသာ အသုံးပြုနေကြောင်း၊ ဓနုဖြူမြို့နယ်တွင် ဆန်စက် ၇၃ လုံးရှိရာ ၇၀မှာ စပါးခွံလောင်စာကို အသုံးပြုနေပြီး ဒီဇယ်ဆီနှင့် လျှပ်စစ်ဓာတ်အားကို လောင်စာအဖြစ် အသုံးပြုရမည် ဆိုသော်လည်း ဆန်စက်များတွင် ထရန်စဖော်မာများကို ရောင်ပြမျှသာ တပ်ထားပြီး စပါးခွံများကိုသာ ဆက်လက် သုံးစွဲနေကြောင်း ၎င်းက ရှင်းပြသည်။ 

စွန့်ပစ်ရေနှင့်ပစ္စည်းများကို မြစ်ချောင်းများထဲ စွန့်ပစ်မှုကြောင့် ရေသုံးစွဲ၍မရခြင်း၊ ငါးများမှာလည်း ဒိုက်အနံ့ကြောင့် စားသုံး၍ မရသည့် အခြေအနေကို  ကြုံနေရခြင်း၊ ချောင်းများ ကောလာကာ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နေကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များက ကွင်းဆင်း စစ်ဆေးခဲ့သော်လည်း ဆန်စက်ပိုင်ရှင်များမှ ပြုပြင်ပေးရမည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု မရှိကြောင်း ၎င်းက ပြောကြားသည်။ 

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက စပါးခွံလောင်စာ အသုံးပြု စက်မှုလုပ်ငန်းများ အပါအဝင် စွန့်ပစ်ရေနှင့် စွန့်ပစ်ပစ္စည်း များပြားသော စက်မှုလုပ်ငန်းများ၏ စက်မှုမှတ်ပုံတင် လိုင်စင်လျှောက်ထားလာပါက သက်ဆိုင်ရာ သဘောထား မှတ်ချက်များနှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန၏ ကြိတ်ခွဲခွင့်လိုင်စင်ရမှသာ ဆောင်ရွက်ပေးနေကြောင်း၊ စက်မှုမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းများကို သက်ဆိုင်ရာ စက်မှုလုပ်ငန်းများရှိရာသို့ ကွင်းဆင်း စစ်ဆေးပြီးမှသာ ဆောင်ရွက်ပေးကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဖြေကြားသည်။

ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှု မရှိစေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် စွန့်ပစ်ရေနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်စေရေးအတွက် လျှော့ချရန်နှင့် အနည်းဆုံး ဖြစ်စေရန် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်သကဲ့သို့ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဖြေကြားသည်။

ဆန်စက်များ၏ အသုံးပြုလောင်စာများမှာ လျှပ်စစ်၊ ဒီဇယ်၊ ဂက်စ်များကို အသုံးပြုနေပြီး ဆန်စက်မှထွက်သော စက်ဖွဲပြာများနှင့် စွန့်ပစ်ရေများ ထွက်ရှိပြီး မြစ်ချောင်းများထဲသို့ တိုက်ရိုက် စွန့်ပစ်မှုကြောင့် ရေသယံဇာတများ ပျက်စီးကြောင်း၊ ဆန်စက် တိုးချဲ့ပြင်ဆင်ခြင်းနှင့် အသစ် တည်ဆောက်ခြင်း မစတင်မီ မြေနေရာ အသုံးပြုမှု၊ လူနေပတ်ဝန်းကျင်နှင့် စပါး အထွက်တို့ကို တွက်ဆပြီးမှသာ လိုင်စင် ထုတ်ပေးရန် ဆောင်ရွက်သင့်ပါကြောင်း ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြောကြားသည်။ 

“စားသုံးသူရေးရာဦးစီးဌာနအနေနှင့် ၁၅ တန်အထက်ရှိ ဆန်စက်များကိုသာ လိုင်စင် ထုတ်ပေးရန်နှင့် လိုင်စင်သက်တမ်း တိုးပေးရန်သာ ဆောင်ရွက်လျက်ရှိပြီး ၁၅ တန်အောက် ဆန်စက်၊ (ဟာလာစက်) များကိုမူ ဒေသဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ ဌာနအဖွဲ့အစည်းများမှသာ စီမံ ဆောင်ရွက်ပေးရသည့် အနေအထားရှိပါကြောင်း ၎င်းက ရှင်းပြသည်။

“ဆန်စက်တွေ အတော်များများက ဘာစည်းကမ်းကိုမှ မလိုက်နာကြဘူး၊ သက်ဆိုင်ရာ ဌာနတွေကလည်း မြေပြင်အခြေအနေကို တစ်ခါမှ ကွင်းဆင်းစစ်ဆေးတယ်ဆိုတာ မကြားမိဘူး၊ တိုင်မှ တောမှ အဖြစ်သဘောမျိုးလေး လာကြည့်သွားတာလောက်ပဲ ရှိတယ်၊ အခု လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးတော့မှ ဟိုဌာနနဲ့ဆိုင်တယ်။ ဒီဌာနနဲ့ဆိုင်တယ်နဲ့ ဘောလီဘော် ပုတ်နေကြတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

R-11