News

POST TYPE

ENVIRONMENT

ရန်ကုန်နှင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးမည်
19-Aug-2017 tagged as မိုးလေဝသ


ရန်ကုန်၊ ဩဂုတ် ၁၉

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေရာ ယင်းအရှိန်ကြောင့် ရန်ကုန် အပါအဝင် ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ကမ်းရိုးတန်းဒေသများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးအား ပိုလာနိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းကတော့ အိန္ဒိယကုန်းတွင်းကို ဝင်ဖို့ရှိပါတယ်။ တစ်ခါတလေလည်း အိန္ဒိယကုန်းမြေပေါ် ဝင်ပြီးတဲ့အထိ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် ရှိနေတတ်တယ်။ မုတ်သုံကာလအတွင်း လေဖိအားနည်းရပ်ဝန်းတွေက မြန်မာ့မုတ်သုံကို အရှိန်ပြန်ကောင်းစေပြီး ကမ်းရိုးတန်းဒေသတွေကို မိုးကြီးစေတတ်ပါတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိရန်မှာ အလား အလာနည်းကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ခန့်မှန်း ပြောဆိုထားသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် လှိုင်းအမြင့် ခုနစ်ပေမှ ၁၀ ပေခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

E-03