News

POST TYPE

ENVIRONMENT

ဆင်သားရေ ဝယ်လိုအားမြင့်၍ တောဆင်ရိုင်း အများအပြား သတ်ဖြတ်ခံရ
15-Aug-2017 tagged as ပတ်ဝန်းကျင်

ရန်ကုန်၊ သြဂုတ် ၁၄

သားရေကို ရယူလိုမှုဖြင့် တရားမဝင် အမဲလိုက် သတ်ဖြတ်မှုများကြောင့် မြန်မာ့တောဆင်ရိုင်းကောင်ရေမှာ ယခုအခါ အလွန်အမင်း ကျဆင်းလာပြီး မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။ 

လက်ရှိတွင် တောဆင်ရိုင်းများကို အစွယ်နှင့် အရေခွံ ရလိုမှုကြောင့် အမဲလိုက် သတ်ဖြတ်မှုများ မကြာခဏ ရှိနေပြီး ဆင်သားရေ ဝယ်လိုအားသည် ဆင်စွယ်ဈေးကွက် ဝယ်လိုအားထက် ပို၍ မြင့်တက် လာမှုကြောင့် တောဆင်ရိုင်းများကို သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်ပြောဆိုသည်။

“ဆင်သားရေ ဝယ်လိုအားက ဆင်အမနဲ့ သားပေါက်တွေပါ မချန်တော့ဘဲ သတ်ဖြတ်အရေခွံ ခွာတာတွေ ဖြစ်လာတယ်။ ဒီလိုသာဆက်သွားရင် မြန်မာ့တောဆင်ရိုင်းတွေ မျိုးသုဉ်းသွားနိုင်တယ်” ဟု နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေးအဖွဲ့ (FFI) ၏ တနင်္သာရီဒေသ ထိန်းသိမ်းရေး အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေက ဆိုသည်။

သစ်တောများအတွင်း တောဆင်ရိုင်းများကို အဆိပ်လူးမြား၊ ပေါက်ကွဲမှု ပြင်းသည့် ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ယခုနှစ်အတွင်း တောဆင်ရိုင်းကောင်ရေ ၃၀ ခန့် သေဆုံးခဲ့ရကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။

“လွန်ခဲ့တဲ့ သီတင်းခြောက်ပတ် အတွင်းမှာပဲ ငါးကောင် အသတ်ခံခဲ့ရတယ်။ ဒါက မြန်မာနိုင်ငံက နှစ်စဉ် ဆင်ရိုင်းအသတ်ခံရတဲ့ ပျမ်းမျှပမာဏထက် အများကြီး ကျော်လွန်နေတယ်”| ဟု ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးပညာရှင် ဦးအောင်မျိုးချစ်က ပြောဆိုသည်။ 

ထိုင်းနှင့် တရုတ်နိုင်ငံ နယ်စပ်ရှိ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေးဈေးကွက် အတွင်းသို့ မြန်မာနိုင်ငံမှ ဆင်များကို သတ်ဖြတ်၍ ဆင်စွယ်၊ အမြီး၊ ဆင်သားရေနှင့် ဆက်စပ်ပစ္စည်းများကို တရားမဝင် တင်ပို့ရောင်းချနေခြင်းမှာ ဆယ်စုနှစ်အတွင်း အများဆုံး ရှိကြောင်း တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့က ပြောကြားထားသည်။

ဆင်အရေခွံကို တရားမဝင် ရောင်းဝယ်ကာ လက်ဝတ်ရတနာအဖြစ်သော် လည်းကောင်း၊ ဆေးဝါးဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ တောဆင်ရိုင်းကောင်ရေမှာ တစ်ဟုန်ထိုး ကျဆင်းနေပြီး ကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ အကြားသာ ကျန်ရှိမည်ဟု ခန့်မှန်းထားကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

သစ်တောဦးစီးဌာနကမူ လက်ရှိ တောဆင်ရိုင်းကောင်ရေ သုံးထောင်ကျော် ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်များက ကောက်ယူထားသည့် စာရင်း၊ မှတ်တမ်းများအရ တောဆင်ရိုင်းကောင်ရေမှာ ကျဆင်းလာနေသည်မှာ မှန်ကန်ကြောင်း တရားဝင် ပြောဆိုထားသည်။

တောဆင်များ၏ စားကျက်မြေ လျော့နည်းလာခြင်းနှင့် တရားမဝင် အမဲလိုက် သတ်ဖြတ်ခြင်းတို့ကြောင့် တောဆင်ရိုင်းကောင်ရေ လျော့နည်းလာနေရာ တောဆင်ရိုင်းများကို စီမံချက်နှင့် ကာကွယ်ထိန်းသိမ်းမှုများ ဆောင်ရွက်နေကြောင်း ယင်းဌာနထံမှ သိရသည်။  

ယင်းသို့ တောဆင်ရိုင်းများသတ် ဖြတ်ခံနေရသည့်အတွက် တောဆင်ရိုင်း ကာကွယ်ထိန်းသိမ်းရေး ဝန်ထမ်းများကို အဓိက အမဲလိုက သတ်ဖြတ်မှုများ ဖြစ်ပွားရာ နေရာများတွင် တာဝန်ချထား ထမ်းဆောင်စေနိုင်ရန် လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ ထိန်းသိမ်းရေး အဖွဲ့အစည်းများက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် တောဆင်ရိုင်းကောင်ရေ ၅၀ ကျော်သည် အစွယ်ဖြတ်ယူ ရောင်းချရန်၊ အရေခွံခွာရန်နှင့် အသားတို့ကို ဖြတ်တောက်ရောင်းချရန် အတွက် တရားမဝင် သတ်ဖြတ်ခြင်း ခံနေရကြောင်း၊ ယင်းကြောင့် တောဆင်ရိုင်း ကာကွယ်ထိန်းသိမ်းရေးကို ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ စီမံချက် ရေးဆွဲဆောင်ရွက်မည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

E-03