News

POST TYPE

ENVIRONMENT

မြို့ကြီးအချို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်တက်မည်
14-Aug-2017 tagged as

ရန်ကုန်၊ ဩဂုတ် ၁၄

မြန်မာနိုင်ငံ အထက်ပိုင်းမြို့ကြီးများတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း မြစ်ရေမှာ ဆက်လက် တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါမြစ်ရေသည် မြန်မာနိုင်ငံ အောက်ပိုင်း မိုးလေဝသ စခန်းများတွင်ပါ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သည့်အတွက် ရေကြီးရေလျှံမှုအန္တရာယ်ကို သတိပြုနေထိုင်ရန် လိုအပ်ကြောင်း ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။ 

“အထက်ပိုင်းကတော့ နောက်နှစ်ရက်လောက်ဆို မိုးလျော့လာမယ်လို့ ခန့်မှန်းရတယ်။ မြစ်အောက်စခန်းတွေ စိုးရိမ်ရေမှတ် ရောက်လာနိုင်တဲ့ အခြေအနေကတော့ လောလောဆယ် စောင့်ကြည့်ရဦးမယ်”ဟု ၎င်းက ဆိုသည်။

အနောက်တောင် မုတ်သုံလေ ဖိအားနည်း ချိုင့်ဝှမ်းသည် ဟိမဝန္တာတောင်ခြေသို့ ချဉ်းကပ်လာသည့်အတွက် မုတ်သုံလေ အားပြတ်သည့်ဖြစ်စဉ် ဖြစ်လာပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးအား ပိုနေရခြင်းဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဇူလိုင်နှင့် ဩဂုတ်လများတွင် အဆိုပါဖြစ်စဉ်သည် ဖြစ်လေ့ဖြစ်ထရှိပြီး မုတ်သုံလေ အားလျော့နည်းခြင်း၊ နေသာချိန်များခြင်း၊ မြောက်ပိုင်းဒေသများတွင် မိုးပိုလာခြင်း၊ မိုးတိမ်တောင်ဖြစ်ထွန်းမှု များလာခြင်းနှင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဖျားပိုင်း ဒေသများတွင် မြစ်ရေ မြင့်တက်လာခြင်းတို့ဖြစ်လာရကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကစ၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးအားကောင်းနေသည့်အတွက် ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေသည် မြင့်တက်နေပြီး မြို့အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ယင်းသို့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးအားကောင်းနေသည့်အတွက် မြစ်ရေမြင့်တက်နေရာ မြို့အချို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် မြန်မာနိုင်ငံ အောက်ပိုင်းသို့ စီးဆင်းလာနိုင်သည့်အတွက် အောက်စခန်းအချို့တွင်လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြောဆိုသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

E-03

  • TAGS