News

POST TYPE

ENVIRONMENT

ရေဘေးသင့်ဒေသရှိ ကျွဲ၊ နွားနှင့်အခြားအိမ်မွေးတိရစ္ဆာန်များများအတွက်အစာ ထောက်ပံ့
23-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၃ 


နိုင်ငံတကာတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် FOUR PAWS က ရေဘေးဒဏ်ခံခဲ့ရသည့် ကျွဲ၊ နွားနှင့် အခြားအိမ်မွေးတိရစ္ဆာန်များအတွက် အစားအစာတန်ချိန် ၅၀ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း အဆိုပါအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


မြန်မာနိုင်ငံတစ်ဝန်း အဆိုးရွားဆုံးရေကြီးရေလျှံမှုကိုကြုံတွေ့ခဲ့ရသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လယ်ယာလုပ်ငန်းအတွက် နွားများကိုထောက်ပံ့ခြင်းနှင့် ဆေးကုသခြင်းတို့ဆောင်ရွက်ခဲ့ပြီး တိရစ္ဆာန်အစာတန်ချိန် ၅၀ ကိုထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ယင်းအစာတန်ချိန် ၅၀ သည် တိရစ္တာန်ကောင်ရေ တစ်သောင်းအတွက် အစာအထောက်အပံ့ဖြစ်စေကြောင်း FOUR PAWS ထံမှ သိရသည်။


“ရေနစ်မြုပ်နေတဲ့အချိန်မှာ တိရစ္ဆာန်တွေအတွက်အစားအစာလိုအပ်ချက်ရှိနေတယ်။ အထောက်အပံ့တွေရှိပေမယ့်နည်းနေသေးတယ်။ ဒါ့အပြင်တကယ်လိုအပ်ချက်ရှိတဲ့နေရာတွေရောက်ဖို့ကလည်း အဓိကစိန်ခေါ်မှုဖြစ်နေတဲ့အပြင် ဒေသခံအများစုရဲ့စားဝတ်နေရေးက သူတို့ရဲ့တိရစ္ဆာန်တွေအပေါ်မှီခိုနေရတဲ့အတွက်အရေးကြီးတယ်”ဟု အဆိုပါအဖွဲ့ ဒါရိုက်တာ Mr. Jackson Zee က ဆိုသည်။


မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇူလိုင်နှင့် စက်တင်ဘာလအတွင်းရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီးနောက် လူပေါင်း ၁ ဒသမ ၆ သန်းခန့် နေရာရွှေ့ပြောင်းခဲ့ရပြီး ၁၃၂ ဦးသေဆုံးခဲ့ရကြောင်း၊ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာလည်း၂၀၁၄- ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ GDP ၏ ၃ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုသဘာဝဘေးအလွန်ကာလ လေ့လာဆန်းစစ်ချက် အစီရင်ခံစာအရ သိရသည်။


  • VIA